မုံရွာ ၁၅ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ခြင်း၊ အဟောင်းအသစ်လဲလှယ်ခြင်းနှင့် ပျောက်ဆုံးလျှောက်ထားခြင်း ပြန်လည်ပြုလုပ်ပေးခြင်းတို့ကို (၂၁၇၁၇၈)ခုအထိ ထုတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်လျှောက်ထားမှုကို စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်များအတွင်းရှိ အခြေခံပညာအဆင့်ကျောင်းများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်းလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးခြင်းနှင့် လဲလှယ်ခြင်းတို့ကို အချက်အလက်ပြည့်စုံသော နိုင်ငံသားများကိုမူ မြို့နယ်ရုံးများတွင် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၃၇၈၂)ခုအားလည်းကောင်း၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၉၃၆၇)ခုအားလည်းကောင်း၊ အဟောင်းအသစ်လဲလှယ်ခြင်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၃၃၁၄)ခုအားလည်းကောင်း၊ ပျောက်ဆုံး/ပျက်စီးခြင်းတို့ကို မိတ္ထူလျှောက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀၇၁၅)ခုအားလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း  (၂၁၇၁၇၈)ခုအား (၁၁)လတာကာလအတွင်း လုပ်ဆောင်ပေးနိုင်ငံခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)