မုံရွာ ၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၁၀)ခုတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီမှ စတင်ကောက်ယူလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။

 

ကြားဖြတ်သန်းခေါင်စာရင်းမှာက မေးခွန်းတွေများလာတယ်၊ တစ်ချို့အခန်းတွေကို မေးမြန်းတဲ့ အခါမှာတော့ သိပ်ပြီးတော့ မဖြေချင်ကြဘူး၊ မြို့နယ်အတွင်းမှာက ကောက်ကွက်တစ်ခုမှာ သောက်သုံးရေကို အိမ်(၅)အိမ်မှာ စစ်ဆေးတယ်၊ ရေစစ်ဆေးပေးတဲ့အဖြေကိုလည်း ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ ကာလအတွင်းမှာ ပြန်ပြီးတော့ ဖြေကြားပေးသွားမှာ ဖြစ်တယ်၊ ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေက ပူးပေါင်းပေးတဲ့အတွက် ကျန်တာတွေ ကတော့ အဆင်ပြေတယ်ဟု မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူအဖွဲ့မှ လဝကမှူး ဦးသန်းမင်းစိုးက ပြောသည်။

 

9

 

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြောင်းရွှေ့ သွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အား အကြောင်းအရာ၊ ကလေးမွေးဖွားမှု အကြောင်းအရာ၊ မသန်စွမ်းသူ အကြောင်းအရာ၊ သက်ကြီးရွယ်အို အကြောင်းအရာ၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့် ဘဝပျော်ရွှင်မှု အကြောင်းအရာ၊ ပြည်ပပြောင်းရွေ့ သွားလာခြင်း အကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ ရေပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုအကြောင်းအရာ စသည့်အခန်း(၁၂)ပါဝင်ပြီး မေးခွန်းပေါင်း (၁၁၀)ခု ကို မေးမြန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ဆောင်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၁၀)ခုမှ ကောက်ကွက်ပေါင်း (၄၉၉)ကွက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)