မုံရွာ ၁၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပထမနှစ်အဖြစ် လျှပ်စစ် မြစ်ရေတင်စီမံကိန်း (၃)ခုကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် စိုက်ပျိုးရေရရှိရန် အခက်အခဲ ဖြစ်လျက်ရှိသော နေရာများတွင် အကောင်အထည်ဖော် လုပ်ဆောင်ပေးလျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်၌ နေရာသုံးခုတွင် အကောင်အထည်ဖော်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
“အခုဘဏ္ဍာရေးနှစ်မှာ နေရာ(၃)ခုမှာ အကောင်အထည်ဖော်ပေးမှာဖြစ်တယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကနေ အကုန်အကျခံတည်ဆောက် ပေးသွားမှာဖြစ်ပါတယ်၊ ကင်းတပ် မြောင်း တစ်လျောက် မှာရှိတဲ့ နေရာ(၂)ခုနဲ့ မူးမြစ်အတွင်းကရေကို အသုံးပြုမဲ့ နေရာတစ်ခုတို့မှာ စီမံကိန်း ပထမနှစ်အဖြစ် အကောင်အထည်ဖော် ပေးသွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအဖြစ် ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ဆည် လက်ဝဲမြောင်းမကြီး မိုင်တိုင်အမှတ်(ကတ/၁၁၆)တွင် ဧက(၃၅၀)ကို အကျိုးပြုမည့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်း တစ်ခုအား လည်းကောင်း၊ ခင်ဦးမြို့နယ် စောကြီးကျေးရွာအနီးရှိ ကင်းတပ်ဆည် လက်ဝဲ မြောင်းမကြီးတွင် ဧက(၇၅၀)ကို အကျိုးပြုမည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း တစ်ခုအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဆားတောင်မြို့ ထန်းတောဆိပ်ကျေးရွာအနီး မူးမြစ်အတွင်းမှ ဧက(၁၈၀၀)အကျိုးပြုမည့် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းတစ်ခုတို့အား စီမံကိန်း ပထမနှစ်လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


