မုံရွာ ၂၂ ဇွန်

           

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကသာ၊ ကလေး၊ မော်လိုက်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့နယ်နှင့် မိုပိုင်းလွတ်မြို့နယ်ခွဲတို့တွင် စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သော ကြက်ပေါင်စေး (၁၂၅၃၄)ဧကကို စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

           

 

“ကြက်ပေါင်စေး ကုန်ကြမ်း ဈေးနှုန်းက ကျဆင်းနေတော့ တောင်သူတွေသိပ်ပြီး အဆင်မပြေကြဘူး၊ ကြက်ပေါင်စေးကို ချင်းတွင်းအထက်ပိုင်း ဒေသတွေဖြစ်တဲ့ ခရိုင်(၅)ခုနဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်း အပါအဝင် မြို့နယ်(၁၂)မြို့နယ်နဲ့ မြို့နယ်ခွဲ (၃)ခုတို့မှာ ဧက (၁၂၅၀ဝ) ကျော် စိုက်ပျိုးထားပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

           

 

ခရိုင်အလိုက် စိုက်ပျိုးမှုအနေဖြင့် ကသာခရိုင် အတွင်းရှိ မြို့နယ် (၇)မြို့နယ်တွင် (၁၂၂၁)ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်တွင် (၁၅၆၃)ဧကအားလည်းကောင်း၊ မော်လိုက် ခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်တွင် (၄၀၄)ဧက စိုက်ပျိုးထားသည်။

           

 

“ကြက်ပေါင်စေး တစ်ပေါင်ဈေးနှုန်းက ငွေကျပ်(၆၈၀)နဲ့(၇၀ဝ)ကြားမှာရှိတယ်၊  အရှုံးတော့မရှိဘူး၊ ကျွန်တော်ဆီမှာကို စိုက်ဧက (၂၀ဝ)ရှိတယ်၊ အစေးထုတ်တာ(၁၀)နှစ်လောက်ရှိပြီ၊ အခုက ကိုဗစ်-၁၉ ရောဂါကြောင့်  လုပ်သားရှားသလို စက်ရုံ၊ အလုပ်ရုံတွေနားတာလည်း ပါတဲ့အတွက်ကြောင့် ဈေးကွက်အေးနေတာ ဖြစ်တယ်လို့ မြင်တယ်၊ ကြက်ပေါင်စေး ကုန်ကြမ်းကို မန္တလေးမြို့ကို အဓိကပို့တယ် ” ဟု ဟုမ္မလင်းမြို့မှ ကြက်ပေါင်စေး စိုက်ပျိုးရေး လုပ်ငန်းရှင် ဦးဖိုးတာက ပြောသည်။

 

 

ထို့အပြင် တမူးခရိုင် အတွင်းရှိ တမူးမြို့နယ်၊ ခမ်းပတ်နှင့်မြို့သစ် မြို့နယ်ခွဲများတွင် ဧက (၈၄၀) အား လည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်တို့တွင် (၈၄၃၆)ဧက အားလည်းကောင်း၊  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်နှင့် မိုပိုင်းလွတ်မြို့နယ်ခွဲတို့တွင် ဧက(၇၀)အား လည်းကောင်း စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

 

ဝင်းဦး(ဇေယျာတိုင်း)