မုံရွာ ၆ သြဂုတ်

 

ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးများဖြင့် စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင် ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန်၏ ပြောကြားချက်များအရ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံဖြစ်သောဝါကို စိုက်ပျိုးမှုများပြားသော်လည်း ရာသီဥတုပြောင်လဲလာခြင်း၊ ဝါမျိုးစေ့များနှင့် ထွက်ရှိဝါများ၏ အရည်အသွေးများ ကျဆင်းလာခြင်း၊ ဈေးကောင်း မရရှိခြင်းတို့ကြောင့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးမှု များလာခြင်းကြောင့် ဝါစိုက်ဧက ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

 

mdn

 

ဝါမှာစိုက်တဲ့အချိန်က မိုးကြို၊ မိုးနဲ့ မိုးနှောင်းဆိုပြီး ဝါစိုက်ချိန် (၃)ချိန်ရှိတယ်၊ ဝါရဲ့အရည်သွေး ပိုကောင်းတဲ့ မိုးနှောင်းဝါကို များများစိုက်ဖို့နဲ့ သီးနှံပုံစံတွေပြောင်းလဲဖို့အတွက် စနစ်တကျရေးဆွဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ စက်မှုကုန်ကြမ်းသီးနှံတွေက စက်ရုံပိုင်းမှာလည်း တွက်ချေကိုက်မှု ရှိရမယ်၊ စိုက်တဲ့တောင်သူပိုင်းမှာလည်း တွက်ချေကိုက်မှုရှိရမယ်၊ အဲဒီလိုအခြေအနေမျိုးရှိမှ စက်မှုကုန်ကြမ်း သီးနှံတွေ စီးပွားဖြစ် ထုတ်လုပ်တဲ့ကုန်ကြမ်းတွေ ဖြစ်လာမှာဖြစ်လို့ တောင်သူတွေကို စည်းရုံးပြီး လုပ်ဆောင်နေပါတယ်၊ ရွှေတောင်(၁၀)ရဲ့ အားသာချက်က အပင်သက် (၁၀)လလောက်အထိ ဝါကောက်နိုင်တယ်၊ အထွက်နှုန်းသေချာတယ်၊ စုပ်ပိုးဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်၊ အဲဒါကြောင့် တောင်သူတွေ စိုက်နိုင်ဖို့ ကွင်းသရုပ်ပြပွဲတွေ လုပ်ပေးနေပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အချိန်အထိ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါစိုက်ပျိုးပြီးစီးမှု အနေဖြင့် မလှိုင်မျိုး (၄၉၆၃)ဧက၊ ဝါကြီးမျိုး (၄၅၅၀)ဧက၊ မိုးကြိုဝါ (၂၅၁)ဧကနှင့် မိုးဝါ (၅၆၉၅)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မလှိုင်ဝါမျိုး (၁၄၆၀ဝ)ဧက၊ ဝါကြီးမျိုး (၅၀ဝ၀)ဧက၊ မိုးကြိုဝါ (၃၆၀)ဧက၊ မိုးဝါ (၂၁၆၇၄)ဧကနှင့် မိုးနှောင်းဝါ (၃၇၇၁၂)ဧကကို စိုက်ပျိုးသွားရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်များအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)