မုံရွာ ၁  သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် သီးနှံစုံဧက(၇၀၀၀)ကျော်ကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

 

“လက်ရှိမှာဂျီအေပီ စနစ်နဲ့စိုက်ပျိုးထားတဲ့ စပါးနဲ့အခြားသီးနှံစုံဧက(၇၀၀၀)ကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးပြီး ဖြစ်ပါတယ်၊ ဂျီအေပီစနစ်နဲ့ စိုက်မယ်ဆိုရင် ပထမဆုံးရေ၊ မြေတွေကို စစ်ဆေးတာတွေ လုပ်ရတယ်၊ မန္တလေးနဲ့ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းတွေကို ပို့ပြီးစစ်ဆေးရတာဖြစ်လို့ အချိန်ကြံ့ကြာမှုတွေ ရှိတယ်၊ လျာထားချက်ပြည့်မီအောင်  ကြိုးစားလုပ်ဆောင်နေတယ်၊ တောင်သူများရဲ့ ဝင်ငွေပိုမိုရရှိရေး အစားအစာဘေးကင်း လုံခြုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ နိုင်ငံတော်အကြီးအကဲများရဲ့ ကြီးကြပ်မှုနဲ့ သွားနေတဲ့ ဂျီအေပီ လမ်းကြောင်းပေါ်မှာ အတော်အသင့် ရောက်နေပြီလို့ ပြောရမှာဖြစ်တယ်၊ ဆက်လက်ပြီး ဂျီအေပီလုပ်ငန်းတွေ အောင်မြင်ဖို့ အထက်အဆင့်ဆင့် အကြီးအကဲများ တောင်သူများ စိုက်ပျိုးရေး ပညာရှင်များ အမ်ဂျီအိုများ အဖွဲ့အစည်းစုံနဲ့ပေါင်းစပ်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက ပြောသည်။

 

ယခုဘဏ္ဍာရေးနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်ဖြင့် မိုးစပါးအပါအဝင် သီးနှံမျိုးစုံ ဧက(၂၅၀၀၀)စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ အကုန်တွင် ဧက (၇၀၀၀)ကျော်စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)