မုံရွာ  ၄   ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး ချပ်သင်းဘေးမဲ့တောတွင် ကျက်စားနေသည့် ရွှေသမင် ၁၀၄၂  ကောင် အတွက် သီးနှံစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပေးလျက်ရှိပါကြောင်း၊ ချပ်သင်းဘေးမဲ့တောမှ လက်ထောက် ညွန်ကြားရေးမှူး  ဦးမောင်မောင်နိုင် ထံမှ သိရှိရသည်။ 


အဆိုပါ သီးနှံစိုက်ခင်း ၁၀ ဧကထဲတွင် စိုက်ပျိုးမည့်အပင်များအနေဖြင့် ပဲစင်းငုံ၊ ပြောင်းဖူးနှင့် ပဲအမျိုးမျိုးတို့ အဓိကထားပြီး  စိုက်ပျိုးပေးမည်ဖြစ်ပါကြောင်း၊ ရွှေသမင်များ ရေသောက်ရာတွင် အဆင်ပြေစေရန်အတွက် ရေကန်နှစ်ကန်တူးဖော်ပေးခြင်း၊ ချောင်းနှင့်မြောင်းများကိုပိတ်ပြီး ဆည်ဖို့ထားသည့် တုတ်ဆည်ငါးခု တည်ဆောက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။ 


ချပ်သင်းဘေးမဲ့တော၏ ဧရိယာမှာ ကန့်ဘလူမြို့နယ်တွင် ၂၁၉၀၈ ဧကနှင့် ကောလင်းမြို့ နယ်တွင် ၄၂၃၅၆ ဒသမ ၄၂ ဧက စုစုပါင်း ၆၄၂၆၄ ဒသမ ၄၂ ဧကရှိသော ဘေးမဲ့တောတွင် ရွှေသမင် အကောင်ရေ ၁၀၄၂ ကောင်ရှိပြီး ယခင်နှစ်ထက် အကောင် ၁၀၀ ကျော်တိုးလာပါကြောင်း၊ အလားတူ နို့တိုက်သတ္တဝါ  ၁၃ မျိုး၊ ငှက်ပျိုးစိတ် ၂၆၂ မျိုး၊ ဖား ၁၆ မျိုး၊ မြွေ ၂၃ မျိုး၊ ပုတ်သင် ၁၂ မျိုး၊ လိပ် ၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၆၅ တို့လည်း ကျက်စားလျက်ရှိပါကြောင်း၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်နိုင် က ပြောကြားသည်။


မွှေးကြူဇင်(မုံရွာကိုယ်ပွား)