မုံရွာ ၂၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဆည်ကြီးတောကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး တန်ဘိုးနည်းပြည်တွင်းဖြစ် Mask များ ထုတ်လုပ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး အမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ပြောကြားချက်များအရ သိရသည်။
“ချည်မျှင်နှင့်အထည်လုပ်ငန်းရှင်များအသင်းက ထုတ်လုပ်တဲ့ Mask တွေကို သုံးစွဲတဲ့ပြည်သူတွေ ဘေးအန္တရာယ်မဖြစ်စေဖို့ ပိုးသတ်တဲ့လုပ်ငန်းကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်တယ်၊ စနစ်တကျထုတ်ပိုးပြီး မြို့နယ်တိုင်းက စည်ပင်သာယာရေး ကော်မတီတွေဆီပေးပို့ပြီး ဖြန့်ဝေရောင်းချပေးသွားမှာ ဖြစ်ပါတယ်၊ တစ်ခုကို ငွေကျပ် (၁၅၀)နှုန်းနဲ့ လူတစ်ဦးကို (၂)ခုနှုန်းနဲ့ရောင်းချ ပေးနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်၊ နောက်ပြီး ပြန်လည်လှူဒါန်း လိုတဲ့သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို လိုသလောက်ရောင်းပေးမှာဖြစ်ပေမဲ့ တစ်ဆင့်ပြန်လည် ရောင်းချမဲ့သူတွေကိုတော့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးနိုင်မယ်ဆိုတဲ့ အာမခံချက်ပေးနိုင်မှ ရောင်းချပေးမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး အမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။

ပြည်တွင်းဖြစ် Mask များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ချည်မျှင်နှင့်အထည် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်ပြီး ၄င်းတန်ဘိုးနည်း ပြည်တွင်းဖြစ် Mask များကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီများမှတစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)