မုံရွာ ၃  မေ

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် မေလအတွင်းဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များကို သတိပြု စောင့်ကြည့်ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။

 

 ““ ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ သဘာဝဘေးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နိုင်တယ်၊ ဘာတွေကို တော့ ဂရုစိုက်ပါဆိုတာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားတာတွေ ရှိပါတယ်၊ အဓိက မေလအတွင်းမှာ ဖြစ်တဲ့ မုန်တိုင်းတွေက မိုးများနိုင်တယ်၊ မိုးများနိုင်တာ ဖြစ်တဲ့အတွက် တစ်ဖက်ပိတ် ဆည်တွေ ကျေးလက်ဒေသက ဆည်တွေ ရေကာတာတွေမှာ ကြွက်တွင်းတွေကြောင့်၊ ပတ်ကြား အက်ကြောင်းတွေကြောင့်၊ နောက်ပြီး ရေမဝတဲ့မြေ တွေဖြစ်တဲ့အတွက် ရေနဲ့တွေ့တဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ကျိုးပေါက်တာတွေ ဖြစ်နိုင်တဲ့အတွက် သတိပြုကြဖို့ လိုတယ်၊ မိုးတစ်ရှိန်ထိုးရွာရင် တောင်ကျ ချောင်းရေတွေ အပြင်းအထန် စီးဆင်းနိုင်တယ်၊ အဲဒါတွေကိုတော့ သတိပြုဆင်ချင်ပြီး ရှောင်ရှားနိုင်ဖို့ ပြောချင်ပါတယ်”” ဟု  စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။

 

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပြီးခဲ့သည့် ဧပြီလက လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၁၆၇၉) လုံးနှင့် ဘာသာရေး အဆောက်အဦ(၃၈)လုံးတို့ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး လူနေအိမ် (၂၉)လုံး ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ စုစုပေါင်း ငွေကျပ်(၄၆)သန်းကျော် ဆုံးရှုံးခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)