မုံရွာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှုအရေအတွက် များပြားနေခြင်းကို လျှော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက် နေရာအနှံ့အပြားတွင် နံနက်စောစောပိုင်းနှင့် ညနေပိုင်းများတွင် သစ်ရွက်ခြောက်အမှိုက်များ စုပုံမီးရှို့ခြင်းကြောင့် တိုင်းဒေသကြီးအတွင်း လေထုအရည်အသွေး ကျဆင်းစေနိုင်ပြီး ရေရှည်တွင် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုစီးပွားရေးများကိုပါ ထိခိုက်စေနိုင်သောကြောင့် အမှိုက်များအား စည်းကမ်းမဲ့ မီးမရှို့စေရေး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားကြရန်၊ တိုင်းဒေသကြီးအတွင်း မီးခိုးမြူငွေ့များ ညစ်ညမ်းမှု လျော့နည်းလာစေရေးနှင့် Fire Hotspot အရေအတွက်ကို သတ်မှတ်ထားသည့် အရေအတွက် အထိရောက်အောင် လျှော့ချနိုင်ရေး အဖွဲ့ဝင်ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း မီးလောင်မှုအရေအတွက် များပြားနေခြင်းကို လျှော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


