နေပြည်တော် သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် သဖန်းဆိပ်ရေလှောင်တမံကို အဓိကထားပြီး နွေစပါး သီးနှံကို စိုက်ပျိုးထုတ်လုပ်ခဲ့ရာ မိုးရွာသွန်းမှုလျော့နည်းခဲ့မှုကြောင့် ဆည်များ၏ ရေပေးဝေနိုင်မှု အပေါ်မူတည်၍ ၂၀၁၉ ခုနှစ်မှစတင်၍ နွေစပါးစိုက်ပျိုးမှု လျော့ကျခဲ့ရကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အပေါ် ထိခိုက်မှုမရှိစေရန်လာမည့် မိုးစပါးရာသီအတွက် သီးနှံစိုက်စွမ်းအားနှင့် ထုတ်လုပ်မှုပမာဏတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများက ထိရောက်သည့် အစီအမံများရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆည်ရေလေလွင့်မှု မရှိစေရန်နှင့် အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေပေးမြောင်း၊ ရေသောက်မြောင်းများ အားလုံးတွင် ရေသုံးစွဲသူအဖွဲ့ဝင်တောင်သူများနှင့် ညှိနှိုင်း၍ ရေပေးဝေမှု၊ ရေသုံးစွဲမှုကို စနစ်တကျ စီမံခန့်ခွဲသွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စရိတ်ကြီးမားသည့် ဓါတ်မြေသြဇာနှင့် သွင်းအားစုများ သုံးစွဲမှုလျှော့ချနိုင်မည့် နည်းပညာများဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးစရိတ်အချိန်မီရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ကြိုတင်ညှိနှိုင်းခြင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးနှင့် အချိန်မီ ကုစားနိုင်ရေးအတွက် လိုအပ်သော စက်ကိရိယာများ၊ အရန်မျိုးများ စုဆောင်းထားရှိခြင်း၊ သွင်းအားစုများအပါအဝင်လိုအပ်သော အစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြသည်။
ယခုနှစ်မိုးစပါးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆည်ကန်ရေဖြင့် ဧရိယာဧက ခြောက်သိန်းခုနစ်သောင်းကျော်၊ မြစ်ရေတင်ဖြင့် ဧက လေးသောင်းရှစ်ထောင်ကျော်၊ မြေအောက် ရေဖြင့် ဧကတစ်သောင်းခုနစ်ထောင်ကျော်၊ မိုးကောင်းသောက်ဖြင့် ဧက ဆယ်သိန်း ခုနစ်သောင်းကျော်ဖြင့် စုစုပေါင်းမိုးစပါးဧက တစ်ဆယ့်ရှစ်သိန်းကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


