မုံရွာ ၄ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဧရိယာများအတွင်း ပုဂ္ဂလိကစက်မှုကုန်ကြမ်း ဝါးစိုက်ပျိုးရန် လုပ်ငန်းရှင် (၄၂)ဦးမှ ဧက(၂၄၀ဝ)စိုက်ပျိုးရန် လျှောက်ထားမှုများရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၏ ပြောကြားချက်အရ သိရသည်။
ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်း တောပျက်များနှင့် သစ်ပင်ပေါက်ရောက်မှု နည်းသည့်နေရာများတွင် သစ်တောသစ်ပင်များ ဝါးတောများဖြင့် ပြန်လည်ဖုံးအုပ်လာစေရန်၊ ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်ခြင်းဖြင့် တိုင်းပြည်တစ်ပြည်တွင် ပြည်ပဝင်ငွေတိုးပွားလာစေရန်၊ ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်လာခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုသကဲ့သို့ ရေဝေရေလဲဒေသများကိုလည်း ထိန်းသိမ်းကာကွယ်ခြင်းအား အထောက်အကူပြုစေရန် ပုဂ္ဂလိကစက်မှုကုန်ကြမ်း ဝါးစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။
ထပ်မံလျှောက်ထားမှုအနေဖြင့် ကနီမြို့နယ် မျှိုင်းကြိုးဝိုင်းအတွင်း တောင်သူ (၂၀)ဦးမှ ဧက(၁၀ဝ၀) ကိုလည်းကောင်း၊ ကောလင်းမြို့နယ် မုတ်ဝကြိုးဝိုင်းပြင်ပ ကာကွယ်တောအတွင်း တောင်သူ(၁၄)ဦးမှ ဧက (၇၀ဝ) အားလည်းကောင်း၊ အင်းတော်မြို့နယ်အတွင်းရှိ ဂဟဲကြိုးဝိုင်းတွင် တောင်သူ (၆)ဦးမှ ဧက(၆၀ဝ)အား လည်းကောင်း၊ စီးမော်အဆိုပြုကြိုးဝိုင်းပြင်ပ ကာကွယ်တောအတွင်း တောင်သူ(၁)ဦးမှ ဧက(၅၀)အား လည်းကောင်း၊ အင်းတော်မြို့နယ် သစ်တောနယ်မြေအတွင်း တောင်သူ (၁)ဦးမှ ဧက (၅၀)အားလည်းကောင်း စိုက်ပျိုးနိုင်ရေး လျှောက်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


