မုံရွာ  ၃၀   မေ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)ခုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့် နေရာများတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ထိန်းညှိပေးနိုင်ရန် ဂေဟစနစ်ဖြည့်တင်းရေး သစ်တောစိုက်ခင်း (၅၇၃)ဧကကို ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 

 “ရွှေလုပ်ကွက်တွေ၊ သတ္တု၊ ကျောက်မီးသွေး တူးဖော်တဲ့လုပ်ကွက်တွေ လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေက လုပ်ငန်း လုပ်ကိုင်မှုကြောင့် သစ်တောပြုန်းတီးမှုတွေအတွက်ကို ပြန်လည်အစားထိုး စိုက်ပျိုးပေးကြမှာဖြစ်တယ်၊ အစိုးရ အနေနဲ့စိုက်တာမဟုတ်ဘူး၊ ကုမ္ပဏီတွေ သတ္တုတူးဖော်ထားတဲ့ နေရာတွေမှာ ပြန်စိုက်တာလည်းမဟုတ်ဘူး၊ အနီးဝန်းကျင်မှာ သစ်တောပြန်လည်ဖြစ်ထွန်းဖို့ လိုနေတဲ့နေရာတွေ၊ ဒါမှမဟုတ် သစ်တောဖြစ်ထွန်းဖို့ လိုအပ်နေတဲ့ အခြားနေရာတွေမှာ နေရာတွေ သတ်မှတ်ပေးပြီးတော့ ပြန်လည်စိုက်ပျိုးတဲ့စိုက်ခင်းတွေ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။

 

ကလေး၊ ကလေးဝ၊ ကသာ၊ ကန့်ဘလူ၊ ဝက်လက်၊ တမူးနှင့် မော်လိုက်မြို့နယ်အတွင်းရှိ ကျောက်မီးသွေး၊ ရွှေနှင့် အခြားသတ္တုများတူးဖော်ခြင်းလုပ်ကိုင်သည့် ကုမ္ပဏီများမှ ဂေဟစနစ်ဖြည့်တင်းရေး သစ်တောစိုက်ခင်း (၅၇၃)ဧကကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မိုးရာသီတွင် ပြန်လည်ထူထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းကလည်း ကန့်ဘလူ၊ ကျွန်းလှ၊ ဝက်လက်၊ ထီးချိုင့်၊ ကလေး၊ကလေးဝနှင့် မော်လိုက်မြို့နယ်အတွင်း (၃၁၉.၅)ဧကကို  သတ္တုတူးဖော်ရေး လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများမှ စိုက်ပျိုး ထူထောင်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)