နေပြည်တော် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကိုနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်တင်မိုးတို့က ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၄ ဇုန်မ ထုတ်လုပ်သည့် လူသုံးကုန်ပြခန်း၊ အိမ်သုံးကုန်ပြခန်း၊ စားသောက်ကုန်ပြခန်း၊ ချည်ထည်နှင့် အထည်လိပ်ပြခန်း၊ ပရိဘောဂပြခန်း၊ ရော်ဘာနှင့်ပလပ်စတစ်ပြခန်း၊ တိုင်းရင်းဆေးဆိုင်ရာပြခန်း၊ ကျောက်အချောထည်ပြခန်း၊ လယ်ယာသုံးစက်ကိရိယာပြခန်းများကို လိုက်လံကြည့်ရှုအားပေးပြီး ပြခန်းနှင့်ဈေးရောင်းပွဲတော်သို့ လာရောက်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြည်သူ့အားကစားအတွင်းရှိ မိုးလုံလေလုံ အားကစးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ် ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မုံရွာမြို့ ပြည်သူ့အားကစားအတွင်း နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၄ ဇုန်မှထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်