မုံရွာ   ၂  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာဓာတ်အားလိုင်းနှင့် (၃)မိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသော ကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။

 

53

 

အခုလုပ်ဆောင်ပေးမယ့် အစီအစဉ်ကတော့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ပြည်ထောင်စု အဆင့်ကနေ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်၊ အခုအခြေအနေကတော့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ တင်ဒါခေါ်ယူနေပါပြီ၊ အခုမီးလင်းရေး လုပ်ဆောင်ပေးမယ့် ခရိုင်(၆)ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာက မဟာဓာတ်အားလိုင်းနဲ့ (၃)မိုင်အကွာရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ် ဟု အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းက ပြောသည်။

 

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ဆောင်ပေးမည့် အစီအစဉ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်အတွင်း ကျေးရွာ ၇၄ ရွာ၊ စစ်ကိုင်းခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာ၊ ရွှေဘိုခရိုင် အတွင်းရှိ ကျေးရွာ ၁၅၉ ရွာ၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၃၀ ရွာ၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၉၉ ရွာ၊ ကလေးခရိုင်အတွင်းရှိ ကျေးရွာ ၆၅ ရွာ၊ ယင်းမာပင်ခရိုင်တွင်းရှိ ကျေးရွာ (၁၀၆) တို့တွင် 11kv Line စုစုပေါင်း ၄၇၂ ဒသမ ဝ၇ မိုင်အရှည်နှင့် ထရန်စဖော်မာ ၁၃၂၂ လုံးတို့အား သွယ်တန်းတပ်ဆင်ပေးသွားမည်ဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအကုန်အထိ ကျေးရွာပေါင်း ၅၉၈၉ ရွာရှိသည့်အနက် ကျေးရွာ ၅၂၄၄ ရွာတွင် လျှပ်စစ်မီးသုံးစွဲခွင့် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

 

ဝင်းဦး(ဇေယျာတိုင်း)