မုံရွာ ၂၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်(၃၅)မြို့နယ်ရှိ ကျေးရွာပေါင်း (၂၅၀)ရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုးထံမှ သိရသည်။
Cash for Work စီမံကိန်းကို Covid-19 ရောဂါ အကျိုးသက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“Covid-19 ရောဂါ ဖြစ်ပွားနေတာကြောင့် အလုပ်ရပ်နားထားရတဲ့ နေ့စားအလုပ်သမားတွေ၊ ပြည်တော်ပြန်တွေ၊ အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေကို ကိုယ့်ရပ်ရွာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် ဖော်ဆောင်ပေးတဲ့ စီမံကိန်း တစ်ခု ဖြစ်တယ်၊ လုပ်အားခကို တစ်ရက်ငွေကျပ် (၄၈၀ဝ)ကနေ (၆၀ဝ၀)ကျပ်အတွင်း ပေးနိုင်အောင် စီစဉ်နေတယ်၊ စီမံကိန်းကို အကောင်အထည် မဖော်ခင်မှာ Pilot Project အနေနဲ့ မုံရွာမြို့နယ် သာစည်ကျေးရွာ အုပ်စုအတွင်းက ထန်းပင်လှကျေးရွာမှာ စမ်းသပ်အကောင်အထည်ဖော် လုပ်ဆောင် နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။
လူဦးရေစစ်တမ်းအပေါ်အခြေခံ၍ ထုတ်ပြန်ထားသော ကျေးရွာအုပ်စုအလိုက် ချို့တဲ့မှုညွှန်းကိန်း အများဆုံးရှိသည့် ကျေးရွာအုပ်စု (၄၀)ရာခိုင်နှုန်းတွင် ပါဝင်သောကျေးရွာဖြစ်ခြင်း၊ Covid-19 ရောဂါ ဖြစ်ပွားသည့် ကျေးရွာဖြစ်ခြင်း၊ Covid-19 ရောဂါ၏ အကျိုးဆက်များကြောင့် အလုပ်အကိုင် (သို့မဟုတ်) ဝင်ငွေဆုံးရှုံးမှုရှိသော အလုပ်သမား အရေအတွက်များသည့် ကျေးရွာဖြစ်ခြင်း၊ နေရပ်ပြန် အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားအရေအတွက်များသော ကျေးရွာဖြစ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော ကျေးရွာဖြစ်ခြင်း၊ စီမံကိန်း ဆောင်ရွက်ရန် စိတ်အားထက်သန်သောကျေးရွာဖြစ်ခြင်း စသည့် အချက်များနှင့် ကိုက်ညီသည့် ကျေးရွာများကို Cash for Work စီမံကိန်းကို စိစစ်ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


