မုံရွာ ၁၁ ဇွန်
ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီးလုပ်အားခပေးချေမည့် Cash for Work စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၊ ကျေးရွာ ၂၅၀ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စီမံကိန်းကျေးရွာများအား ပစ္စည်းတန်ဖိုးနှင့် လုပ်အားခအတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ Cash for Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၂၅၀ ရွာတွင် စီမံကိန်း လုပ်ငန်းများမစတင်မီ Pilot Project အဖြစ် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာတွင် ရွာအဝင်လမ်း ဂျင်းခင်းခြင်းလုပ်ငန်းအား စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခအား တစ်ရက်လျှင် အနိမ့်ဆုံး ၄၈၀၀ နှင့် ၆၀၀၀ ကြား သတ်မှတ်ထားပါကြောင်း၊ စီမံကိန်းကာလအား ၃ လမှ ၄ လအထိ သတ်မှတ်ထားပါကြောင်း ဆက်လက်ပြောကြားသည်။
အကျိုးခံစားခွင့်ရှိသည့် ကျေးရွာများအား ရွေးချယ်ရာတွင် ဆင်းရဲနွမ်းပါးပြီး အလုပ်လက်မဲ့၊ ကျပန်းအလုပ်သမားများနှင့် ထိခိုက်လွယ်အုပ်စုများသော ကျေးရွာများ၊ ကူးစက်ရောဂါ ဆိုးရွားစွာ (သို့မဟုတ်) အတော်အသင့် သက်ရောက်မှုရှိသော ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော ကျေးရွာ၊ ကျေးရွာသူ၊ ကျေးရွာသားများက စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုမှုရှိသည့်ကျေးရွာ၊ လူဦးရေ စစ်တမ်းအပေါ်အခြေခံ၍ တွက်ချက်ထုတ် ပြန်ထားသော ဖွံ့ဖြိုးရေးလိုအပ်ချက်(Multi Dimensional Index) များသော ကျေးရွာနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သောလုပ်သားများ ပြန်လည်ရောက်ရှိလာသူ ဦးရေများသော ကျေးရွာများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားပါမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။
Cash for Work စီမံကိန်းအနေဖြင့် ကျေးရွာတွင်း ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ ရေဆိုးရေညစ်များ သန့်စင်ရှင်းလင်းခြင်း၊ ကျေးရွာတွင်းလမ်းခင်းခြင်း၊ တံတားပြုပြင်ခြင်း၊ မြေပြိုဖယ်ရှားခြင်းလုပ်ငန်းများ၊ ရေကန်များ ခြံစည်းရိုးကာရံပြုပြင်ခြင်း၊ ရေတွင်း၊ ရေကန်များ တူးဖော်ပြုပြင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဆိပ်ခံတံတားများ တည်ဆောက်ပြုပြင်ခြင်း၊ အသေးစားတာတမံများနှင့် ရေသွင်း၊ ရေထုတ်မြောင်းများ တည်ဆောက်ပြုပြင်ခြင်း၊ မြေထိန်းနံရံပြုပြင်ခြင်း၊ ရေကာတမံများပြုပြင်ခြင်း၊ ကျေးရွာပိုင် အားကစားကွင်း တည်ဆောက်ပြုပြင်ခြင်း၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာခန်းမများ၊ ကျေးရွာဈေးများ ပြုပြင်မွမ်းမံခြင်း၊ ရေဝင်၊ ရေလွှဲနေရာများနှင့် အများပြည်သူပိုင်နေရာများတွင် သစ်ပင်စိုက်ခြင်းစသည့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း များအား ဦးစားပေးရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့ပါးမှုကို ကုစားနိုင်ရန်အတွက် လုပ်အားခတန်ဖိုး ၃၀ ရာခိုင်နှုန်းထက်မနည်းသော လုပ်ငန်းများအား ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အကျိုးခံစားခွင့်ရှိသူများ ရွေးချယ်ရာတွင် ဆင်းရဲသောအိမ်ထောင်စု၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု၊ မိသားစုဝင်များသော အိမ်ထောင်စု၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များ မိသားစုဝင်အဖြစ် ပါဝင်သော အိမ်ထောင်စု၊ ပုံမှန်အလုပ်အကိုင်မရှိသော အိမ်ထောင်စု(ဥပမာ-နေစားလုပ် သားများ)၊ ကျေးရွာတွင်အနည်းဆုံး တစ်နှစ်နှင့်အထက် နေထိုင်နေသော အိမ်ထောင်စု၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်သော အိမ်ထောင်စုများကို အဓိကရွေးချယ်မည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးအလုပ်သမားများ မပါဝင်စေရေးအတွက် သေချာစွာစိစစ်၍ အသက်(၁၅)နှစ် ပြည့်ပြီးသူများကိုသာ ပါဝင်ဆောင်ရွက်စေရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
Cash for Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် စီမံကိန်းရရှိပြီးသော ကျေးရွာများ၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် VDP စီမံကိန်းရရှိပြီးသော ကျေးရွာများတွင် ဆောင်ရွက်သွားမည် မဟုတ်ကြောင်းနှင့် ဝန်ကြီးဌာနများမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ထပ်မနေစေရေးအတွက် စိစစ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောကြားသည်။
မွှေးကြူဇင်(မုံရွာကိုယ်ပွား)


