မုံရွာ  ၇  မေ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ဧရာဝတီ၊ ချင်းတွင်း၊ မူး၊ ရွှေလီ၊ မြစ်သာ၊ ဥရုမြစ်နှင့် ၎င်းမြစ်များအတွင်းသို့ စီးဝင်လျက်ရှိသောချောင်းများတွင် လုပ်ဆောင်လျက်ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအားလုံး (၄၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။

 

“နှစ်စဉ် မိုးရာသီအချိန်မှာ မြစ်ရေကြီးမြင့်ပြီး လူနေအိမ်တွေ၊ စိုက်ခင်းမြေတွေ ကျေးရွာပိုင်မြေတွေ မြစ်ကမ်းပါးတွေ ရေတိုက်စားခံရတဲ့နေရာတွေမှာ လုပ်ဆောင်ပေးတာဖြစ်တယ်၊  လုပ်ငန်းတွေကိုတော့ မြစ်ချောင်းတွေရဲ့ ရေနည်းတဲ့အချိန်မှာအပြီးလုပ်ရတာဖြစ်တဲအတွက် လုပ်ငန်းအားလုံးကိုတော့ ဇွန်လအတွင်းမှာ ပြီးစီးအောင် လုပ်ငန်းအကောင်အထည်ဖော်နေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ လုပ်ငန်းလုပ်တဲ့နေရာမှာ စနစ်ကျဖို့၊ ကြာရှည်ခံဖို့၊ ကျေးရွာတွေကို အထောက်အကူဖြစ်စေဖို့ကို ကြီးကြပ်ပြီးလုပ်ဆောင်နေတယ်၊ လုပ်ငန်းစတင်မှု အနေနဲ့က အခုနှစ်ဇန်နဝါရီလမှာ တင်ဒါခေါ်ယူတယ်၊ ဖေဖော်ဝါရီလရဲ့ လဆန်းပိုင်းမှာ တင်ဒါအောင်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေလုပ်ငန်းစတင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးက ပြောသည်။

 

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအဖြစ် ချင်းတွင်းမြစ်အတွင်း (၁၆)ခု၊ ဧရာဝတီမြစ်အတွင်း (၉)ခု၊ မြစ်သာမြစ်အတွင်း (၁)ခု၊ ဥရုမြစ်အတွင်း (၂)ခု၊ မူးမြစ်အတွင်း (၅)ခု၊ ရွှေလီမြစ်အတွင်း (၁)ခုနှင့် ၎င်းမြစ်များ အတွင်းသို့စီးဝင်လျက်ရှိသော ချောင်းများတွင်(၂၃)ခုတို့စုစုပေါင်းလုပ်ငန်း(၅၇)ခုအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၈၅၂၉.၂)သန်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn