မုံရွာ  ၂၃  မတ် 

Covid-19 ရောဂါဖြစ်ပွားခဲ့ပါက လူနာများအားကုသပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ဆေးရုံကြီးများတွင် အနည်းဆုံး ခုတင်(၄)လုံးပါဝင်သည့် ရောဂါကုသရေး သီးသန့်ခန်းများစီစဉ်ထားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေး၏ ပြောကြားချက်များအရ သိရသည်။

“(၃၇)မြို့နယ်ရဲ့ ဆေးရုံပိုင်းမှာလည်း သီးသန့်ခန်း အနည်းဆုံး(၄) ခုတင်လောက်ကိုအသင့်ထားရှိဖို့ ပြင်ဆင် ထားတယ်၊ တွေ့ရှိနိုင်တဲ့ သံသယလူနာများကိုဓာတ်ခွဲစစ်ဆေးဖို့ ဓာတ်ခွဲမှူးများကိုလည်း သက်ဆိုင်ရာ ရောဂါဗေဒဆရာဝန်ကြီးများကနေပြီး ကလေး၊ရွှေဘို၊ မုံရွာမှာ ဓာတ်ခွဲနမူနာယူပုံနည်းလမ်းများကို သင်တန်း ပေးထားပြီး ဖြစ်ပါတယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကိုယ်ပိုင်ဆေးကုခန်းများ၊ ကိုယ်ပိုင်ဆေးရုံများအားလုံးနဲ့ တိုင်းဒေသကြီးအစိုးရနဲ့ ချိတ်ဆက်ပြီး ပညာပေး ဟောပြောပွဲများကိုပြုလုပ်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ နယ်စပ် ဂိတ်နဲ့ ဆက်စပ်နေတာ တမူးမှာရှိပါတယ်၊ အဲဒိမှာရှိတဲ့ နယ်စပ်ဝင်ပေါက်(၂)နေရာက ဝင်လာတဲ့ သူများကို အဖျားရှိ/မရှိ စစ်ဆေးပြီးဆောင်ရွက်ခဲ့တာ ဝင်လာသူပေါင်းတစ်သိန်းကျော်ရှိပြီးတော့ အဖျားရှိ /မရှိကို စစ်ဆေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်၊ တိုင်းကျန်းမာရေးကလည်း ဗဟိုနဲ့နေ့စဉ် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေးက ပြောသည်။

ယခုလက်ရှိတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေင်း (၁၉၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိသော Covid-19 ရောဂါ သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးသော်လည်း ဖြစ်ပွားမှုများရှိခဲ့ပါက ကုသနိုင်ရေး ကြိုတင်စီစဉ်မှုများ အဖြစ် လူဝင်လူထွက်များသည့် နေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်ဆေးကန်များ တပ်ဆင်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ လုပ်ဆောင်သကဲ့သို့ ရောဂါဖြစ်ပွားနေသော လူနာများအား ကုသနိုင်ရေး မြို့နယ်တိုင်းတွင် သီးသန့်ခန်းများအား ကြိုတင်စီစဉ်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။  

ဝင်းဦး(ဇေယျာတိုင်း)