မုံရွာ၊ ၂၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် မြေယာမဲ့တောင်သူများကို ဖြန့်ဝေပေးနိုင်ရန် မြေလွတ်မြေရိုင်း ဧက(၁၀၀၀)ကို ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။
“စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတိုင်း လယ်ယာမြေပိုင်ဆိုင်ဖို့ ဖော်ထုတ်ပေးတာဖြစ်တယ်၊ မြို့နယ် (၇)မြို့နယ်မှာ ဖော်ထုတ်ပေးသွားမှာ ဖြစ်တယ်၊ အခု မြေလွတ်မြေရိုင်း ဖော်ထုတ်မဲ့နေရာတွေကို ကွင်းဆင်းစစ်ဆေး တိုင်းတာမှုတွေ လုပ်ဆောင်ပြီးသွားပြီ။ အခုဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးဖော်ထုတ်ပြီး မြေယာမဲ့ တောင်သူတွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖော်ထုတ်ပေးမည့် မြေလွတ်မြေရိုင်း ဧက(၁၀၀၀)ကို စစ်ကိုင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ ခန္တီး၊ အင်းတော်နှင့် တမူးမြို့နယ်တို့တွင် ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ဘဝမြှင့်တင်ရန်၊ စိုက်ပျိုးရေးလုပ်ကိုင်လိုသည့် မြေယာမဲ့ပြည်သူများကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


