မုံရွာ  ၂၂   ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးကြိုကာလ၊ မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံးစက် ကိရိယာများအတွက် ငွေကျပ် ၄၅၈၂ ဒသမ ၉၀၆ သန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

စိုက်ပျိုးစရိတ်ချေးငွေများကို JICA ချေးငွေမှ ငွေကျပ် ၃၆၇၇ ဒသမ ၆၀ သန်းနှင့်  မြန်မာ့စီးပွားရေးဘဏ် (MEB)ချေးငွေမှ ငွေကျပ်  ၉၀၅ ဒသမ ၃၀၆ သန်းတို့ကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၅ မြို့နယ်ရှိ တောင်သူလယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမျိုးမြင့်ဦးထံမှ သိရသည်။

 

တောင်သူလယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချေးငွေများထုတ် ချေးရာတွင် စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးမည်ဖြစ်သည်။

 

တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇)ကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အာမခံအဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်းက ကိုယ်တိုင် အာမခံစနစ်ဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောသည်။

မွှေးကြူဇင်