စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးခရီးသွား ရက်သတ္တပတ် လှုပ်ရှားမှုကို စစ်ကိုင်းမြို့ ရွာထောင်ဘူတာမှ ယနေ့ နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာ ခဲ့ကြောင်း သိရသည်။
''စစ်ကိုင်းတိုင်းဒေသကြီးမှာခရီးသွားတာကို မော်တော်ယာဉ်တွေနဲ့ပဲ သွားကြတယ်၊ ရထားနဲ့ ခရီးသွားဖို့ တစ်မျိုးတစ်ဖုံ ဆန်းသစ်စေချင်တယ်၊ အဲဒီအတွက် ရထားနဲ့ခရီးသွားတာကို အခုလိုလုပ်ဆောင်တာပါ၊ ရထားနဲ့ ခရီးသွားရင်းနဲ့ ဇလုံတောင်၊ လင်းနို့ဂူတွေမှာလည်း ခရီးသွားလည်ပတ်ဖို့၊ အပန်းဖြေဖို့အတွက် စခန်းတွေ တည်ဆောက်ဖွင့်လှစ်ထားတယ်ဆိုတာကိုလည်း ပြသချင်တဲ့အတွက် အခုလို စီစဉ်တာပါ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်း ခရီးသွားလို့ကောင်းတဲ့နေရာတွေအများကြီးရှိတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးကိုလည်း ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေကို မော်တော် ယာဉ်များနဲ့သာမက မီးရထားနဲ့လည်း သွားလာလည်ပတ်လို့ရတယ်ဆိုတာကို သိချင်တယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးခရီးသွား ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့တွင်မီးရထားဖြင့် စစ်ကိုင်းမြို့ ရွာထောင် ဘူတာမှအင်းတော်မြို့နယ်၊ နဘားဘူတာအထိ မီးရထားလမ်းတစ်လျှောက်ရှိ နေရာ ၁၉ နေရာတွင် ခေတ္တရပ်နားပြီး ကျေးရွာများသို့ စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး နဘားဘူတာမှကသာမြို့သို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊
ဒီဇင်ဘာလ ၂၅ ရက်တွင် ဗန်းမောက်မြို့နယ် ဇလုံတောင် ခမိုးယာဉ်ရပ်နား စခန်းဖွင့်လှစ်ပြီး ကောလင်းမြို့တွင် ညအိပ်ရပ် နားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ကန့်ဘလူ မြို့နယ်အတွင်းရှိ လင်းနို့ဂူ သဘာဝသစ်တော ထိန်းသိမ်းရေးနှင့် ပညာပေးအပန်းဖြေစခန်းဖွင့်လှစ်ပြီး ရွှေဘိုမြို့တွင် ညအိပ်ရပ်နားမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ကျောက်မြောင်း နွယ်ငြိမ်းကျေးရွာဆိပ်ကမ်းမှ စစ်ကိုင်းမြို့အထိကို သင်္ဘောဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)