မုံရွာ ၆ ဖေဖော်ဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် E Voting System (စက်ခလုတ်နှိပ် မဲပေးစနစ်) ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေးပထမနေ့တွင်  စတင်ပြောင်းလဲ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် E Voting System (စက်ခလုတ်နှိပ် မဲပေးစနစ်) ကို စတင်ပြောင်း လဲ ကျင့်သုံးရန်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များ အားလုံး အစမ်းလေ့ကျင့် မှုများ ပြုလုပ်ခဲဲ့ပြီး  ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှ စတင်၍ ကျင့်သုံးလျက်ရှိကြောင်း တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။


''ဒီနေ့ မေးခွန်းမေးတာတွေကို စတင်အသုံးပြုတယ်။ အဓိကက ပယ်မဲ  ခဏခဏ ပါနေတော့  ကိုယ့် လွှတ်တော်လည်း သိက္ခာကျတဲ့ အဖြစ်မျိုးဆိုတော့ e-voting ကို ပြောင်းလိုက်တာပါ။ အဲဒါကြောင့် ကျွန်တော် တို့က ကန့်ကွက်၊ ထောက်ခံ၊ ကြားနေ  ဒီစနစ်နဲ့ပဲ သွားလိုက်တော့တာ။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က မဲမပေးဘူးဆို သူကို မဲမပေးသူ စာရင်းထဲပဲ သွင်းလိုက်တော့တာ။ သူကို ပယ်မဲအနေနဲ့ မဟုတ်တာ့ဘူး'' ဟု ခင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ပြောသည်။


ကျင်းပပြီးစီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ၊ ကန့်ကွက်၊ ကြားနေ သုံးခုတွင် သုံးခုစလုံးကို အမှန်ခြစ်မဲပေးထားသော မဲစာရွက်တစ်ရွက်မှာ ပယ်မဲအဖြစ် အမြဲတမ်း ပါဝင်နေသဖြင့် လွှတ်တော်ဥက္ကဋ္ဌမှ သတိပေးခဲ့သော်လည်း ပယ်မဲတစ်မဲ ဆက်လက်ပါရှိခြင်းကြောင့် ယခုကဲ့သို့ e-Voting System ပြောင်းလဲအသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။


E-Volting စနစ်မှာ အချိန်တိုအတွင်း မဲခွဲဆုံးဖြတ်နိုင်ခြင်းအပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဆီ၏ မေးခွန်းများ အဆိုများ တင်သွင်းမှု၊ ဥပဒေကြမ်းများ ဆွေးနွေးမှုစသည့်  လွှတ်တော်အတွင်း ပြောဆိုမှုများကိုပါ မှတ်တမ်းအဖြစ် လွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ကိုမင်း(အင်းတော်)