မုံရွာ၊ ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး ငွေကျပ် ၂၁၆၄ ဒသမ ၄ သန်းကို လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့် ထံမှ သိရသည်။
“ပြောင်းလဲလာတဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်တင်းဝယ်ယူ အသုံးပြုနေတာဖြစ်တယ်။ အဲဒီအတွက် လိုအပ်တဲ့နေရာတွေမှာထားရှိဖို့ မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေကို ထပ်မံဝယ်ယူဖြည့်တင်းတာ ဖြစ်ပါတယ်။ အထပ်မြင့်အဆောက်အအုံတွေ၊ မီးငြှိမ်းသတ်ယာဉ် အဝင်အထွက်လုပ်ဖို့ ခက်ခဲတဲ့ မီးလောင်မှုတွေမှာ အသုံးပြုဖို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ယာဉ်တွေ၊ ပစ္စည်းတွေကိုလည်း ထပ်မံဝယ်ယူသွားမှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့် က ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေဂါလန် ၂၀၀၀ ဆံ့ ရေသယ်ယာဉ် ၁၀ စီး၊ 13HP အပေါ့စား မီးငြှိမ်းသတ်စက် ၁၃၄ လုံး၊ Hydraulic Rescue Tools ၁၀ စုံနှင့် Unmanned Fire Fighting Vehicle (LUF 60) တစ်စီးတို့ ဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


