မုံရွာ နိုဝင်ဘာ ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ ၅၁၄၁၀၁ ဧက စိုက်ပျိုးရန်လျာထားပြီး အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းမြေပဲ ၃၆၀၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး မြေပဲမျိုးများဖြစ်သည့် မကွေး-၁၀၊ ၁၁၊ ၁၆၊ ဆင်းပဒေသာ-၇၊ ၁၁၊ SP 121၊ တွန်တာနီ မြေပဲမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိသည်။ တောင်သူလယ်သမားများ ဆောင်းမြေပဲစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဆောင်းမြေပဲများကို တိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းခရိုင်တွင် ၂၀၂၅ ဧက၊ ခန္တီးခရိုင်တွင် ၇၅၀ ဧက၊ နာဂဒေသတွင် ၇၀ ဧက၊ မော်လိုက်ခရိုင်တွင် ၁၅၆၃၈ ဧက၊ တမူးခရိုင်တွင် ၂၁၅၅၀ ဧက၊ ကလေးခရိုင်တွင် ၄၇၅၅၇ ဧက၊ မုံရွာခရိုင်တွင် ၄၁၃၁၀ ဧက၊ ယင်းမာပင်ခရိုင်တွင် ၃၂၇၉၄ ဧက၊ ရွှေဘိုခရိုင်တွင် ၆၇၈၇၆ ဧက၊ ရေဦးခရိုင်တွင် ၇၈၀၅၀ ဧက၊ ကန့်ဘလူခရိုင်တွင် ၁၀၉၁၆၄ ဧက၊ စစ်ကိုင်းခရိုင်တွင် ၆၁၀၂၆ ဧက၊ ကသာခရိုင်တွင် ၄၆၅၇၆ ဧက၊ ကောလင်းခရိုင်တွင် ၉၀၈၈ ဧက၊ စုစုပေါင်း ၅၁၄၁၀၁ ဧကကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်

 

ခရိုင်(ပြန်/ဆက်)