နေပြည်တော် ၁၇ ဧပြီ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ် ကြုံတွေ့ရလျက်ရှိသည်။
ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ ဧပြီ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို၊ ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များ၌ စုစုပေါင်း နေအိမ်(၉၅)လုံးနှင့် ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ဧပြီ ၁၅ ရက်တွင် ကောလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်တို့၌ နေအိမ် (၇၇)လုံးနှင့် ဘုန်းကြီးကျောင်း(၃)ကျောင်း၊ ဧပြီ ၁၆ ရက်တွင် မင်းကင်းမြို့နယ်၌ နေအိမ်(၅၆)လုံး၊ စုစုပေါင်း နေအိမ်(၂၂၈)လုံးနှင့် ဘုန်းကြီးကျောင်း(၅)ကျောင်းတို့ အမိုးအကာလန်ပျက်စီးခဲ့သည်။
အလားတူ ဧပြီ ၁၆ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် နေအိမ်(၁၈၄)လုံး၊ ပေါက်မြို့တွင် နေအိမ်(၁၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း၊ မင်းဘူးမြို့တွင် နေအိမ်(၁၀)လုံး၊ စလင်းမြို့တွင် နေအိမ်(၅)လုံး၊ စုစုပေါင်း နေအိမ် (၂၁၄)လုံးနှင့် ဘုန်းကြီး ကျောင်း(၁)ကျောင်းတို့ အမိုး၊ အကာလန်ပျက်စီးခဲ့သည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာနေရာများသို့ သွားရောက်လျက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ စုစုပေါင်း ၁၄,၂၀၀,၀၀၀ ကျော်ကို အချိန်နှင့်တပြေးညီ ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်