မုံရွာ ၁၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် (၂)မိုင် အကွာမှ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာ (၁၆၆)ရွာသို့ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် အဆင့်(၁)ဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရန် တပ်ဆင်ပေးနိုင် ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
“လျှပ်စစ်မီးကို တိုင်းဒေသကြီးတစ်ခုလုံး အသုံးပြုနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ပေးတဲ့အခါမှာ အခုတပ်ဆင်ပေးတဲ့ ကျေးရွာအုပ်စုတွေက နိုင်ငံတော်က ပို့လွှတ်ပေးနေတဲ့ မဟာဓာတ်အား လိုင်းနဲ့ (၂)မိုင်အကွာအတွင်းမှာ ရှိပြီးတော့ လျှပ်စစ်ဓာတ်အားမရသေးတဲ့ ကျေးရွာတွေကို လုပ်ဆောင်ပေးတာ ဖြစ်တယ်၊ ဆက်လက်ပြီးတော့လည်း ဘဏ္ဍာနှစ်အလိုက် ကျန်တဲ့ကျေးရွာအုပ်စုတွေကို တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းက ပြောသည်။
လျှပ်စစ်ဓာတ်အား တပ်ဆင်ပေးခြင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် (၃)ခုရှိ ကျေးရွာ (၇)ရွာတွင်လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုရှိ ကျေးရွာ (၅၂)ရွာတွင်လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)ခုရှိ ကျေးရွာ (၂၃)ရွာတွင် လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)ခုရှိ ကျေးရွာ (၇၄)ရွာတွင်လည်းကောင်း၊ ကန့်ဘလူ ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုရှိ ကျေးရွာ (၃)ရွာ တွင်လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ် (၆)ခုရှိ ကျေးရွာ (၇)ရွာတွင်လည်းကောင်း၊ စုစုပေါင်း ကျေးရွာ (၁၆၆)ရွာ တွင် ယခုဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားတပ်ဆင်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံး၏ မှတ်တမ်များအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


