မုံရွာ ၃၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြေလွှတ်မြေရိုင်းမှ လယ်ယာမြေ (၇၁၆)ဧက ဖော်ထုတ်ပေးမှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင် ထံမှ သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်(၄)ခုအပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းက လဟယ်မြို့နယ်မှာရှိတဲ့ မြေယာမဲ့တောင်သူတွေ ကိုယ်ပိုင်မြေနဲ့ စိုက်ပျိုးထုတ်လုပ်ပြီး သူတို့ရဲ့ လူနေမှုအဆင့် အတန်းတွေ မြင့်မားလာစေဖို့ မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်၊ လုပ်ငန်း(၈)ခုမှာ (၆)ခုကတော့ ရာနှုန်းပြည့်ပြီးစီးသွားပြီ၊ လုပ်ငန်း(၂)ခုကတော့ (၇၅) ရာခိုင်နှုန်းပဲ ပြီးသေးတယ်၊ အားလုံးကို အခုဘဏ္ဍာရေးနှစ်အတွင်း အပြီးဖော်ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင် က ပြောသည်။
မြေလွတ်မြေရိုင်းမှ လယ်ယာမြေဖော်ထုတ်ပေးမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တမူးမြို့နယ် အလှော်နှင့် ပွတ်သာကျေးရွာတို့တွင် ဧက(၂၀ဝ)အားလည်းကောင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ လိပ်စောနှင့် မင်းကုန်းကျေးရွာ တို့တွင် ဧက(၁၀ဝ)အားလည်းကောင်း၊ ရေဦးမြို့နယ် ရွှေကျင်မှော်ကျေးရွာတွင် ဧက(၁၀ဝ)အား လည်းကောင်း၊ ကလေးဝမြို့နယ် ခုံကြီးကျေးရွာတွင် (၁၁၅)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ထန်ပါခွေမြို့နယ်ခွဲ လကျန်းကျေးရွာနှင့် အံ့ပေါ်ကျေးရွာတို့တွင် ဧက(၁၅၀)အား လည်းကောင်း ဖော်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ ကသာမြို့နယ်၊ မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် မြေလွတ်မြေရိုင်း (၉၅၂)ဧကအား ဖော်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)