မုံရွာ ၂၇ မတ်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်သော စုပေါင်းအဖွဲ့များ၏ COVID-19 ရောဂါကာကွယ်ရေးအတွက် မန္တလေးဘက်မှ ရွှေဘိုမြို့အဝင်  မုခ်ဦး၌လည်းကောင်း၊  မြစ်ကြီးနားဘက်မှ ရွှေဘိုမြို့အဝင် မြောင်းကြီးကျေးရွာထိပ်၌လည်းကောင်း၊ စဉ့်ကူးဘက်မှ ရွှေဘို မြို့အဝင်  ကျောက်မြောင်းတံထားထိပ်၌လည်းကောင်း၊  အဖျားတိုင်းကိရိယာ များဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရီးသွားမိဘပြည်သူများအနေဖြင့်  ကျန်းမာရေးကောင်းမွန်မှသာလျှင် မြို့တွင်းသို့ဝင်ရောက်စေမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့တွင်းရှိ အများပြည်သူဝင်/ထွက်သွားလာနေကြသည့် လူစည်ကားရာနေရာများဖြစ်သော လက်ဖက်ရည်ဆိုင်များ၊ ဈေးများ၊ ကားဂိတ်များနှင့် ကုန်စုံဆိုင်များသို့ ရောက်ရှိပြီး COVID 19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျန်းမာရေးအသိပညာပေးပြောကြားပြီး မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ COVID 19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအတိုင်း  အထူးဂရုစိုက် ပူးပေါင်းပါဝင်ဖို့  ဈေးဆိုင်ပိုင်ရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရွှေဘိုမြို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယလူနာတွေ့ရှိပါက လူနာများနားနေ ကုသနိုင်ရန်အလို့ငှာ  ရတနာအောင်မြေကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံများတွင် သီးသန့်အခန်းများ၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်အခန်းများ    ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြည်သူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်စက် ပြင်ဆင်ရန်အတွက် အလှူငွေကျပ် သိန်း(၁၀ဝ)ကို ပေးအပ်ရာ ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က လက်ခံရယူခဲ့သည်။

ယင်းနောက် ရွှေဘိုတက္ကသိုလ်အတွင်းရှိ အမျိုးသမီးကံကော်ဆောင်တွင် COVID 19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ထားသော သံသယလူနာနားနေခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရွှေဘိုမြို့ သီရိမင်္ဂလာဘိုးဘွားရိပ်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)