ကန့်ဘလူ ၁၈ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ယနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ ရွှေကျွန်းသာခန်းမ၌ လည်းကောင်း၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဓမ္မပိယ အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား စာဝါပို့ချနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ကျွန်းလှမြို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (၁၀၂ပေ×၂၉ပေ) (၄)ခန်းတွဲ၊ (၄)ထပ်ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါဝန်းထမ်းအိမ်ရာကို တာဝန်ယူတည်ဆောက်လျက်ရှိသော မြင့်မြတ်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အထူးအလေးထာကာ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကျွန်းလှမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ခွဲစိတ်ခန်း (၁)ထပ်ဆောက်လုပ်ခြင်းလုပ်ငန်း (၄၈ ပေ × ၄၆ ပေ) များအား ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတွင် တက်ရောက်ကုသနေသော ပြည်သူများအား အားပေးနှုတ်ဆတ်ခဲ့ကြောင်း သိရသည်။

1

             ဆက်လက်၍ ပြည်သူလူထုတွေ့ဆုံပွဲများကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊ ခရီးသွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမျိုးစုံတို့ဖြင့် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍  မိတ်ဆက်စကားများကို ပြောကြားခဲ့သည်။

             ယင်းနောက် ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ်မှ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် ကျေးရွာလမ်းများဖောက်လုပ်ပေးရေး ကျေးရွာတံတားများ တည်ဆောက်ပေးရေး၊ ကျေးရွာလျှပ်စစ်မီးလင်းရေး၊ တောင်သူများ၏ သိမ်းဆည်းမြေပြန်လည်ရရှိရေး၊ ပုံစံ(၇)ရရှိရေး၊ ကျွန်းလှမြို့မဈေး သန့်ရှင်းသာယာလှပစေရေး၊ ကျွန်းလှမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ မူလွန်ကျောင်းဆောင်သစ်ရရှိရေး၊ ရေနစ်မြုပ်လယ်မြေများရရှိရေး၊ ညောင်ကိုင်း တိုက်နယ်ဆေးရုံအတွက် ဆရာဝန်တစ်ဦးခန့်ထားပေးရေး၊ ကျန်းမာရေးဌာနခွဲ တစ်ခုချထားပေးရေး၊ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည်များကို လည်းကောင်း အသီးသီးဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

            ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲ (၁)နာရီအချိန်၌ ကန့်ဘလူခရိုင်ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံး အဆောက်အဦးသစ်အား တက်ရောက်ဖွင့်လှစ်ပေးပြီး အဆောက်အဦးအတွင်း လှည့်လည်ကြည်ရှုစစ်ဆေးခဲ့သည်။

            အလားတူ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ခန်းမ၌ တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် ကန့်ဘလူမြို့ပေါ်များကို (၉)ရပ်ကွက်အထိဖြစ်အောင် တိုးချဲ့ပေးရေး၊ မူးမြစ်ကူးတံတားတည်ဆောက်ပေးရေး၊ ကန့်ဘလူ-ငှက်ပျောတိုင်းလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ တပ်သိမ်းဆည်းမြေများတွင် စွန့်လွတ်မြေများအား တောင်သူများထံ ပြန်လည်ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေး၊ မြေလွတ်မြေရိုင်းများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးရေး၊ အင်တော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရေး၊ ကျေးရွာမီးလင်းရေးကော်မတီများ ပြန်လည်ဖွဲ့စည်းပေးရေး၊ ကိုးပင်ဆည် ပြန်လည်ပြုပြင်ပေးရေး၊ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းတစ်တွင်းတူးဖော်ပေးရေး၊ ကျူးကျော်လမ်းများတွင် အိမ်များဆောက်လုပ်ပိတ်ဆို့မှု ရှင်းလင်းပေးရေး၊ ကျူးလမ်းများအား ရှင်းလင်းပေးရေး၊ ငှက်ခါးချောင်းသစ်သားတံတားအား ကွန်ကရစ်တံတိုင်းတည်ဆောက်ပေးရေး၊ မြစ်ရေတင်စီမံကိန်း ရရှိဆောင်ရွက်ပေးရေး၊ ဇီးကုန်းမြို့ကို စိုက်ပျိုးရေးဘဏ်ခွဲဖွင့်လှစ်ပေးရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည်များကို လည်းကောင်း အသီးသီးဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

            ထိုကဲ့သို့ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော သုံးနှစ်တာကာလကျော်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

            အဆိုပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၃)ရပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင် တိုင်းကြားစာများကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင် ကန့်ဘလူခရိုင်အတွင်းရှိ  ကျွန်းလှမြို့နယ်မှ (၂၄)စောင်နှင့် ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်တို့မှ (၄၄)စောင် စုစုပေါင်း (၆၈)စောင်ရှိကာ  သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)

23