ကောလင်း ၁၅   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ဥပဒေချုပ်၊  စားရင်းစစ်ချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နေ့လယ် ၂ နာရီက  ကောလင်းမြို့နယ် ကျော်ဇေယျာ (၁)ရပ်ကွက်ရှိ အမှတ်(၂) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍  မိတ်ဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။

 

ယင်းနောက် ကောလင်းမြို့နယ်အတွင်းရှိ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊  စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမျိုးစုံ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍ လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းချသူ၊ သယ်ဆောင်ဖြန့်ဖြူးသူများအား   ထိရောက်စွာ ဖမ်းဆီးရေးနှင့် အရေးယူ ဆောင်ရွက်ပေးရေးတို့ကို လည်းကောင်း၊ ဘိုးဘွားပိုင် သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးတို့ကိုလည်းကောင်း၊ တရားစီရင်‌ကိစ္စ၊ စည်ပင်သာယာရေးကိစ္စတို့နှင့် ပတ်သက်၍ လည်းကောင်း၊ အသီးသီးဆွေးနွေး မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

 

ထိုကဲ့သို့ ကောလင်းမြို့နယ်အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော သုံးနှစ်ခွဲကျော်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်း ပြောကြားပေးခဲ့ပြီး  ကောလင်းမြို့နယ်အတွက် အားကစားပစ္စည်းမျိုးစုံကို ပေးအပ်ခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

အဆိုပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၃)ရပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် တင်ပြကြားစာများကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင်  ကောလင်းမြို့နယ်မှ (၁၀)စောင်ရှိကာ  သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)