မုံရွာ ၁၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက ကသာမြို့နယ် ရပ်ကွက်(၅)ရှိ မြို့တော်ခန်းမ၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီက ထီးချိုင့်မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်သာခန်းမ၌ လည်းကောင်း ကျင်းပခဲ့သည်။
တွေ့ဆုံပွဲများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့ တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မိတ်ဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။
ယင်းနောက် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမျိုးစုံ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စည်ပင်သာယာရေးကိစ္စ၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ တရားစီရင်ရေးကိစ္စ၊ ဥပဒေရေးရာကိစ္စ စသည်တို့နှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေး မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ထိုကဲ့သို့ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော လေးနှစ်တကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းချသူ၊ သယ်ဆောင်ဖြန့်ဖြူးသူများအား ပြည်သူများမှ သတင်းပေးပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့နောက် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့အတွက် အားကစားပစ္စည်းမျိုးစုံကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၃)ရပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထု တွေ့ဆုံပွဲများတွင် တင်ပြစာများကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင် ကသာမြို့နယ် မှ (၄၉)စောင်နှင့် ထီးချိုင့်မြို့နယ်တို့မှ တင်ပြစာ (၅၉)စောင် စုစုပေါင်းတင်ပြစာ (၁၀၈)စောင်ရှိကာ သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)