မုံရွာ ၈ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မျိုးစေ့အရည်အသွေး စစ်ဆေးခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးမြေ ဧက(၄၆)သိန်းကျော် ရှိသည့်အနက် ရွှေဘိုခရိုင်သည် စိုက်ပျိုးမြေဧက (၁၁)သိန်းကျော်ရှိသည့်အတွက် ဧရိယာပါဝင်မှု အများဆုံးဖြစ်တာကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧက(၉)သိန်း ကျော်ရှိသည့်အနက် ရွှေဘိုခရိုင်တွင် ခုနှစ်သိန်းရှစ်သောင်းကျော်ရှိသည့်အတွက် ရေသွင်းစိုက်ပျိုးနိုင်တဲ့ရာခိုင်နှုန်း (၈၆)ရာခိုင်နှုန်းခန့်ရှိပြီး တစ်တိုင်းလုံးတွင် ရေသွင်းစိုက်ပျိုးနိုင်တဲ့ ဧရိယာအများဆုံး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

 

အထူးသဖြင့် သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်ပြီးတဲ့ ကာလနောက်ပိုင်းမှာ ရွှေဘိုခရိုင်အတွင်း ရေသောက်ဧရိယာများတိုးတက်လာပြီး သီးထပ်၊ သီးညှပ်များ ပိုမိုစိုက်ပျိုးလာနိုင်ခြင်း၊ ရွှေဘိုပေါ်ဆန်း စပါးမျိုးဟာ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းတဲ့အပြင် ဈေးကွက်ဝင်ဆံ့တဲ့ သီးနှံတစ်ခုဖြစ်တာကြောင့် တောင်သူလယ်သမား အများစု အားထားရတဲ့ သီးနှံတစ်ခု ဖြစ်လာတာကို တွေ့ရှိရပါကြောင်း။

 

မိမိတို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုတွေကို တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင် ဆောင်ရွက်ပေးခဲ့ရာမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက်လည်း ဆည်ရေသောက်ဧရိယာတွေမှာ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်မည့် ညီညာသည့် လယ်ကွက်တွေ ကောင်းမွန်သည့် ရေသွင်းရေထုတ်စနစ်နှင့် ကုန်ထုတ်လမ်းတွေ ပါဝင်တဲ့ အဆင့်မြင့်လယ်ယာဖော်ထုတ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာမှာ ရွှေဘိုခရိုင်အပါအဝင် (၁၂၃၀.၅)ဧက ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ယမန်နှစ်က ရာသီဥတုဖောက်ပြန်၍ မိုးရွာသွင်းမှုနည်းပါခဲ့ကာ နွေသီနှံစိုက်ပျိုးရန်အတွက် သဖန်းဆိပ်ဆည်ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိခဲ့တဲ့အတွက် သီးနှံစိုက်ပျိုးရာတွင် အရှိန်အဟုန်မပျက်စေရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် နွေစပါးအစားထိုး ပဲတီစိမ်း၊ နွေနမ်းနှင့် အခြားသီးနှံများကို ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ခြင်းတို့ကြောင့် ရေမပေးနိုင်သည့် နွေစပါးသီးနှံ(၂၉၀၁၀ဝ)ဧကအစား မြစ်ရေတင် မြေအောက်ရေ ရရှိရေးနည်းလမ်းများဖြင့် နွေစပါး(၄၄၅၃)ဧက၊နွေနှမ်း(၉၃၂၀၁)ဧက၊ ပဲတီစိမ်း(၄၆၂၈၈)ဧကနှင့် အခြားသီးနှံ(၉၆၁၄၆)ဧက အစားထိုးစိုက်ပျိုးနိုင်ခဲ့တဲ့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ တောင်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရွှေဘိုခရိုင်မှာ ယခုလို သီးနှံကာကွယ်ရေးနဲ့ မျိုးစေ့ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် သီးနှံမျိုးစေ့နမူနာများအား အရည်အသွေး စစ်ဆေးပေးခြင်း၊ သီးနှံအလိုက်ကျရောက်တဲ့ ပိုးမွှားရောဂါနဲ့ သီးနှံဖျက်ပိုး နမူနာများကို အမျိုးအစားခွဲခြား စစ်ဆေးပေးနိုင်တော့မှာဖြစ်ပါကြောင်း။

 

တောင်သူများအနေဖြင့် သီနှံများမှာ ကျရောက်တဲ့ ဆစ်ပိုး၊ ငမြှောင်တောင် စတဲ့ရောဂါပိုးမွှားများကို ဓာတုပိုးသတ်ဆေးများအသုံးပြုပြီး ကာကွယ်နှိမ်နင်းခြင်းအစား သဘာဝနည်းနဲ့ ကာကွယ်နှိမ်နင်းနိုင်အောင် ဥကပ်ပါးနဂျီများကို မွေးမြူပြီး စိုက်ခင်းထဲသို့ လွှတ်ပေးခြင်းအားဖြင့် ဖျက်ပိုးများကို နှိမ်နင်းနိုင်မှာ ဖြစ်ပါကြောင်း၊ ဥကပ်ပါးနဂျီ မွေးမြူတဲ့ ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ပြီဖြစ်တဲ့အတွက် ဖျက်ပိုးအန္တရာယ်မှ ကာကွယ်နှိမ်နင်းနိုင်တော့မည်ဖြစ်ရာ ဒေသအတွက် များစွာအင်မတန် အကျိုးရှိလာမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူတို့က ဆက်လက်အမှာစကားများပြောကြားပြီး ရွှေဘိုမြို့နယ်ရှိ တောင်သူလယ်သမားကိုယ်စားလှယ် ဦးစိုးတင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရွှေဘိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းနှင့် သီးနှံကာကွယ်ရေဓာတ်ခွဲခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါ ဓာတ်ခွဲခန်းအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် ရွှေဘိုခရိုင် ဥကပ်ပါးနဂျီမွေးမြူရေး ဓာတ်ခွဲခန်းအတွင်းရှိ ဖလံစုဆောင်းသည့်စက်၊ အစာ(ဖွဲနု)ပိုးသန့်စင်ခန်း၊ ဆန်းထွေးပိုး ဥ ဥခန်း၊ မွေးမြူခန်း၊ ထရိုင်ဂိုကတ်ပြင်ဆင်ခန်း၊ နဂျီမွေးမြူခန်းတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)