မုံရွာ   ၁၂   ဧပြီ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဧပြီ ၁၀ ရက်နေ့မှစတင်ပြီး အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူလိုက်ပါပြီး ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယနေ့ နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ရှိ အမှတ်(၁)၊(၃)၊(၄)၊(၅)၊(၇)၊(၉)စသည့် ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စု (၃၆၉၃)စု အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စု (၃၆၉၃)စု အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန် ငါးမျိုးဖြစ်သော ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အိမ်တိုင်ရာရောက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

 

ထွန်းကိုကို(ယင်းမာပင်)