မုံရွာ ၃၀ စက်တင်ဘာ
၂၀၁၉-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် ၂၀၁၉-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မုံရွာ၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ခန္တီး စသည့်ခရိုင်ကိုယ်စားပြု အားကစားသမားများ၏ (၉)ယောက်တွဲ(အကြီးတန်း)၊ (၉)ယောက်တွဲ (အငယ်တန်း)၊ (၃)ယောက်တွဲနှင့် တစ်ဦးချင်းစိတ်ကြိုက် ဗိုလ်လုပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတို့အား ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပေးအပ်ပွဲကိုဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ခရိုင်ကိုယ်စားပြုအားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က အသင်းလိုက် တစ်ဦးချင်းဆုများ၊ ငွေသားဆုများနှင့် စွယ်စုံတံခွန်စိုက် ဖလားဆုများကို လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၁၉-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် မုံရွာခရိုင်အသင်းအား စွယ်စုံတံခွန်စိုက် ဖလားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှနှင့်ဇနီး ဒေါ်ဖြူဖြူဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ ဆရာများနှင့် ထူးချွန်ဆုရပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)


