မုံရွာ ၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်အတွင်းရှိ ရွှေလိမ္မော်ကျွန်းတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီက နိုင်ငံကျော် အဆိုတော်များနှင့်အတူ ၂၀၂၀ ခုနှစ် နိုင်ငံတကာ နှစ်သစ်ကူး ကြိုဆိုပွဲကို ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးတို့ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

 

01

 

အဆိုပါ နှစ်သစ်ကူးကြိုဆိုပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့တော် စည်ပင် သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်မှုနှင့်အတူ မုံရွာဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ နှစ်သစ်ကို ပျော်ရွှင်စွာကျင်းပခြင်းဖြစ်သည်။

 

036

 

နှစ်သစ်ကူးကြိုဆိုပွဲသို့ ညနေ ၆ နာရီမှစ၍ မုံရွာမြို့နှင့် အနီးတဝိုက်မြို့များမှ လူငယ်များ၊ မိသားစုများ၊ ကား၊ ဆိုင်ကယ်များဖြင့် လာရောက်ကြကာ ရွှေလိမ္မာ်ကျွန်းတွင် အဆိုတော်များ၏ ဖျော်ဖြေ တင်ဆက်မှုများကို ပျော်ရွှင်စွာ ခံစားကခုန်ခြင်း၊ ကန်သာယာကန် အနောက်ဘက်ခြမ်းရှိ ဗိုလ်ချုပ်လမ်း ဘယ်ညာတို့တွင် LED မီးဆိုင်းများဖြင့် အလှဆင်ထားသည့် နေရာများတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းနှင့်အတူ နှစ်သစ်သို့ ကူးပြောင်းမည့် ည ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “၂၀၂၀ ခုနှစ်သို့ ကူးပြောင်းရောက်ရှိသည့် နှစ်သစ်မင်္ဂလာအခါသမယမှစ၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးနှင့်တကွ နိုင်ငံသူနိုင်ငံသားအပေါင်း ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ကျက်သရေမင်္ဂလာအဖြာဖြာတို့ ပြည့်စုံကြပါစေကြောင်း၊ မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံတော်ကြီးတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ခွင့်တူညီမျှခြင်းတည်းဟူသော လောကပါလ တရားများကို ကိုင်ဆွဲပြီး အခက်အခဲစိန်ခေါ်မှုအားလုံးကို ကျော်လွှားဖြတ်ကျော်နိုင်ကြပါစေ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားများ လျော့ချပြီး အမုန်းတရားများ အဆုံးသတ်နိုင်ကြပါစေ။ နှစ်ပေါင်း (၇၁)နှစ်ကျော် ပြည်တွင်းစစ်ကြီးလည်း ချုပ်ငြိမ်းပြီး မိမိတို့ မြို့ရွာများကို စွန့်ခွာပြီး တောတောင်တွေမှာ ပြေးလွှားပုန်းအောင်းနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အားလုံး မိမိအရပ်ဒေသသို့ အာမခံချက်ဖြင့် ပြန်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်မြင်ကြပါစေ။ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေလို့” နှစ်သစ်ကူးဆုတောင်း မေတ္တာများ နှုတ်ခွန်းဆက်ပို့သအပ်ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

 

6

 

ထွန်းကိုကို(ယင်းမာပင်)