မုံရွာ နိုဝင်ဘာ ၄

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသည် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဖြင့် ဟန်ချက်ညီညီ လိုက်ပါဆောင်ရွက်နိုင်ခဲ့ကြကာ ဌာန၏ပင်မလုပ်ငန်းတာဝန်များအပြင် နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့မှ ပေးအပ်သောလုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီး ဌာနများမှ လွှဲပြောင်းပေးအပ် သောလုပ်ငန်းတာဝန်များကို အောက်ခြေရပ်ကွက်/ ကျေးရွာအဆင့်ထိ ဖွဲ့စည်းခန့်အပ်ထားရှိသော အုပ်ချုပ်ရေးဝန်ထမ်း အဆင့်ဆင့်တို့၏ တာဝန်ကျေပွန်မှုတို့ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဌာန၏ ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်း ထမ်းဆောင်လျှက် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက အားထားရသော အုပ်ချုပ်ရေးဌာနကြီးနှင့် အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးတွင် ဖွင့်လှစ်သည့် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းတွင် စစ်ရေးပြထူးချွန် ဆုရရှိသော ဒေါ်ဇင်မာချော ဦးစီးအရာရှိကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြင့်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအတွက်  အမျိုးသား၊အမျိုးသမီး တူညီဝတ်စုံများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

ထို့ပြင် နံနက်ပိုင်းတွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ဓမ္မာရုံတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများအား အာရုံဆွမ်းများ ဆက်ကပ် လှူဒါန်းသည်။

အလားတူ အမှတ် ၄ တပ်မတော် ကုတင် ၃၀၀ ဆံ့ဆေးရုံ မုံရွာမြို့တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းနေမှုများနှင့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကြပြီး အာဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်