မုံရွာ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်များနှင့် မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စေတီများသို့ သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ သီတဂူဝိပဿနာအကယ်ဒမီအတွင်းရှိ သီတဂူသံဝေဇနီယ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်း လေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးထံ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်အိတ် ၁၀၀၀ နှင့် မင်းဝံတောင်ရိုးရှိ သံဃာတော်များ နှင့် သီလရှင်များအတွက် ဆွမ်းဆန်တော် အိတ် ၂၅၀ တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး မင်းကွန်းလေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က မင်းကွန်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင် များအတွက် ဆွမ်းဆန်တော် အိတ် ၂၅၀ ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မင်းကွန်းလေးဌာန သြဝါဒါစရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းများ နှင့်စေတီများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် ဘိလပ်မြေ ၁၃၉၄၂ အိတ်အား ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ထံမှ အနုမောဒနာတရား နာယူကြည်ညှိကြပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော်ပေါ်တွင် တည်ဆောက်နေသည့် အလျား -၁၀၈ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာတို့က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှနှင့် ဘေးဒဏ်အမျိုးမျိုးတို့၏ ဒဏ်ခံနိုင်ကာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျကြပ်မတ်စစ်ဆေး တည်ဆောက်နေမှုအခြေအနေ၊ သုံးစွဲကုန်ကျမှုနှင့် အလှူငွေရရှိမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။ 

ထို့နောက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်