မုံရွာ ၁၅ နိုဝင်ဘာ
၂၀၁၉ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီ(၃၀)မိနစ်က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများကို လိုက်လံနှုတ်ဆက်ကာ အဖွင့်ပွဲစဉ်အဖြစ် ကသာခရိုင်အသင်းနှင့် မော်လိုက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးခဲ့သည်။ ၄င်းပြိုင်ပွဲမှ ထူးချွန်အားကစားသမားများကို စိစစ်ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ကန့်ဘလူနှင့် ခန္တီးစသည့် ခရိုင်(၁၀)ခုမှ ပြိုင်ပွဲဝင်အသင်း (၁၀)သင်းတို့ဖြင့် နိုဝင်ဘာလ (၂၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)