မုံရွာ ၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဘိလိယက်ကလပ်တို့ ပူးပေါင်း ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမှတ်အကြောပေး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ဘိလိယက်ကလပ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

3

 

အခမ်းအနားတွင် ဘိလိယက်ဗိုလ်လုပွဲတွင် ဦးဇော်သန်းထိုက်နှင့် ဦးပေါပေါတို့ ယှဉ်ပြိုင်ကစားရာ ဦးဇော်သန်းထိုက်က လည်းကောင်း၊ စနူကာဗိုလ်လုပွဲတွင် ဦးမင်းစည်သူထွန်းနှင့် ဦးမျိုးကိုထွေးတို့ ယှဉ်ပြိုင်ကစားရာ ဦးမျိုးကိုထွေးက လည်းကောင်း အနိုင်ရဗိုလ်စွဲခဲ့ပြီး ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။

 

ဆုပေးပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆု၊ ရမှတ်အများဆုံးဆုများကို စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

3

 

ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အကြောပေး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်/ အရှေ့တောင်အာရှ လက်ရွေးစင် ကစားသမားများနှင့်  တိုင်းဒေသကြီး/ပြည်နယ် လက်ရွေးစင်၊ မြို့နယ်လက်ရွေးစင်များနှင့် ဝါသနာရှင် ကစားသမားများ ပါဝင်သည့်  စနူကာ ကစားသမား ၁၀၁ ဦး၊ ဘိလိယက်ကစားသမား ၅၆ ဦးတို့ဖြင့် ပြိုင်ပွဲအား ဒီဇင်ဘာ ၂၀ ရက်မှ  ဒီဇင်ဘာ ၃၁ ရက်အထိ (၁၂)ရက်ကြာ နေ့စဉ် နံနက် ၁၀ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ်၊ ၃ နာရီတွင် တစ်ကြိမ် တစ်ရက်လျှင် (၃)ပွဲနှုန်းဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)