မုံရွာ ဇွန် ၁၈
၂၀၂၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ရေဦးမြို့နယ်အသင်းနှင့် ကလေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ရေဦးမြို့နယ်အသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။
တံခွန်စိုက်ဒိုင်းဆုချီးမြှင့်
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက အမျိုးသား အမျိုးသမီး ပွဲစဉ် တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုရရှိကြ သူများ၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင်များ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယ ရက်အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု တွင် စာရင်းရှိ ၈၂၀၅ ဦး၊ သင်္ချာဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၈၀၄၀ ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒသမ ၉၉ ရှိပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ်(၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း-အလုံတွင် ဖြေဆိုသူ ၂၄၄ ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ၄၆၇ ဦးရှိသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း - ခွဲ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဇာတ်တိုက်လေ့ကျင့်
ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားလာပါက လိုက်နာရန်အချက်များကို ဆွေးနွေး ဟောပြောပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်ပါက ကျောင်းသား ကျောင်းသူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရေး သရုပ်ပြလေ့ကျင့်နေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)