စစ်ကိုင်း ၂ အောက်တိုဘာ
ဧရာဝတီတံတား (ရတနာပုံ) အဆင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးမြို့ဝင်ဘီးခွန်ကောက်ခံရေးဂိတ်အား ပြောင်းရွှေ့ပေးရန် တင်ပြလာမှုတို့ကြောင့် ကံတလူတိုးဂိတ်သို့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ရွှေ့ပြောင်းကောက်ခံနေပြီ ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။
စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)အဆင်းလမ်းတွင် ရွှေတောင်ကုမ္ပဏီ၏ တံတားဖြတ်သန်းခ ကောက်ခံရေးဂိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအဝင်ဘီးခွန်ကောက်ခံရေးဂိတ်နှစ်ခုရှိပြီး အဆိုပါ ဂိတ်နှစ်ခုသည် ဂိတ်တစ်ခုနှင့် တစ်ခု နီးကပ်သည့်အတွက် ယာဉ်မောင်းများအတွက် အဆင်မပြေခြင်း၊ ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခြင်း တို့ ကြောင့် အခုလို နေရာရွှေ့ပြောင်းကောက်ခံခြင်းဖြစ်သည် ။
" မနေ့က စပြီး ပြောင်းရွှေ့ကောက်ခံနေပါပြီ ။ အခု လက်ရှိ ကောက်ခံနေတဲ့ ဘီးခွန်နေရာက တံတား ဖြတ်သန်းဂိတ်နဲ့ နီးကပ်စွာ တည်ရှိနေတာကြောင့်ရယ် ယာဉ်ကြော ကြပ်တည်းမှုတွေ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ခရီးသွားပြည်သူတွေက မကြာခဏ ပြောင်းရွှေ့ပေးရန် တင်ပြလာလို့ ပြောင်းရွှေ့ပေးတာပါ " စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောသည်။
ပြီးခဲ့သည့်နှစ်မှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် မြို့အဝင် ဘီးခွန်ကောက်ခံခြင်းများ လုပ်ကိုင်ခွင့်မပြုတော့ဘဲ တိုင်းဒေသကြီး၏အဓိက ဝင်ပေါက်များကသာ တိုင်းဒေသကြီးဝင် ဘီးခွန်အမည်ဖြင့် ကောက်ခံခဲ့သည်။
ပြီးခဲ့သည့်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလ အထိ (၁) နှစ်တာ တိုင်းဒေသကြီး ဘီးခွန်ကောက်ခွင့်လိုင်စင်ကို လေလံတင်ရောင်းချရာတွင် ကြမ်းခင်းဈေးကို ကျပ်သိန်း ၃၇၈၀ ထားရှိရာမှ ဈေးပြိုင်စနစ်ဖြင့် အပြိုင်ဆွဲဝယ်ယူကြသောကြောင့် ကျပ်သိန်း ကျပ်သိန်း ၄၆၈၀ ထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလ အထိ (၁) နှစ် တာ အရပ်ရပ် အခွင့်ရေး လိုင်စင်များထဲမှ တစ်ခုဖြစ်သည့် တိုင်းဒေသကြီးအဝင်ဘီးခွန်ကောက် လုပ်ငန်းလိုင်စင်ကို ယခင်နှစ်များအတိုင်း ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းမချတော့ဘဲ လက်ရှိတံတား ဖြတ်သန်းခ ကောက်ခံနေသည့် ရွှေတောင်ကုမ္ပဏီ ကို ဆွဲဝယ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
သူရိန်လင်း


