ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများဖြစ်လာရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွဲှရင်း စုပေါင်းအလုပ်များတွင် ဝိုးဝန်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စစ်ကိုင်းမြို့နေ ပြည်သူလူထုတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ကလေးစာပေပွဲတော်တွေကို တစ်နိုင်ငံလုံးမှာ စဉ်ဆက်မပြတ် ကျင်းပပေးနေတာဖြစ်တဲ့အတွက် စစ်ကိုင်းမြို့၊ မြို့မိ/မြို့ဖများနှင့် အလှူရှင်များကလည်း စစ်ကိုင်းခရိုင်အဆင့် ကလေးစာပေပွဲတော်ကို ကျင်းပချင်တဲ့ဆန္ဒတွေ ရှိကြတယ် အလှူရှင်တွေလည်း ပေါ်ပေါက်လာတယ် ကလေးတွေလည်း စာအုပ်စာပေတွေနဲ့ ရင်းနှီးမှုရရှိသွားအောင် ဒီပွဲတော်ဖြစ်မြောက်အောင် စီစဉ်ဖြစ်တာပါ " ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်အောင်ထွေးက ပြောကြားပေးသည်။
ခရိုင်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၁၃) ရက်နှင့် (၁၄)ရက်နေ့များတွင် စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ကြီး ဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက မတည်အလှူငွေ ကျပ်သိန်း(၄၀) လှူဒါန်းပေးထားကြောင်း ခရိုင်ဦးစီးထံမှ သိရသည်။
ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အားကစားမျိုးစုံများ၊ အသိပညာပေးပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော်များ ထည့်သွင်းပြသပေးသွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာ(၁၇)ရက်၊ နံနက်(၁၀)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် တိုင်းဒေသကြီး / ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးအကဲများနှင့် စစ်ကိုင်းမြို့ပေါ်နှင့်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်