စစ်ကိုင်း  ၂၄  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စစ်ကိုင်းမြို့နယ်မှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် မေးခွန်းလွှာပုံစံသစ်အရ ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး အထောက်အကူပြု ပညာဒါနဟောပြောပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (စစ်ကိုင်း)နှင့် စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းမြို့နယ် ပညာရေးဝန်ထမ်းဟောင်းများအသင်းနှင့် စစ်ကိုင်းခရိုင်/မြို့နယ်ပညာရေးမိသားစုများက ပြုလုပ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

"ပညာဒါနဟောပြောပွဲ ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ဘာသာရပ်အလိုက် မေးခွန်းပုံစံသစ်အား အမှတ်ပေးစည်းမျဉ်းနှင့်အတူ ဖြေဆိုတတ်စေရေး အထောက်အကူဖြစ်စေရန်၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)တို့၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းမြို့နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ပညာရေးဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး (ငြိမ်း)ဦးစံထိုက်က ပြောကြားခဲ့သည်။

 

အဆိုပါ ပညာဒါနဟောပြောပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်ကိုင်းပညာရေးကောလိပ်၊ မြဧရာခန်းမနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ နှင့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပါရဂူခန်းမ၊ မြို့တော်ခန်းမ၊ ထူပါရုံ ရွှေကျောင်းရှိ ဓမ္မာရုံများတွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘော်ဒါကျောင်း၊ ဘုန်းတော်ကြီသင် ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၃၁၆၅ ဦးတက်ရောက် နိုင်ရန်စီမံထားကြောင်းသိရကာ ပါမောက္ခချုပ်(ငြိမ်း)၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများက ဟောပြောပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပညာဒါနဟောပြောပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်က ကျောက်မျက်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ရုံးတွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဝန်ထမ်းဟောင်းများအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှာ သိရသည်။

 

ဇော်မြင့်နိုင်