နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပထမအချက်တွင် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။ ပဉ္စမအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။ 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လာရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးပြီး ကော်မရှင်က လုပ်ငန်းအဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ရာ ယခုအခါ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ  အတော်အတန်ပြီးမြောက်နေပြီကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက် ပထမအချက်တွင် “စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို   တရားမျှတမှု အပြည့်အဝကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ချမှတ်ထားပြီး ယင်းအချက်သည် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ လိုလားသည့်ဆန္ဒဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပါတီစုံစနစ်ဖြင့် ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း အကောင်အထည်ဖော်လာခဲ့ရာ၌ အထွေထွေ ရွေးကောက်ပွဲများကို သုံးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ပြုလုပ်ခဲ့ပြီးသည့် ရွေးကောက်ပွဲစနစ်သည် ဗဟုအများစုကိုယ်စားပြုစနစ်ဖြစ်သည်။ ဗဟုအများစုကိုယ်စားပြုစနစ်ဆိုသည်မှာ မဲအများဆုံးရရှိသူ အနိုင်ယူသည့်စနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကာလမှစ၍ ၂၀၂၀ ပြည့်နှစ်ကာလအထိ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲစနစ်များသည် မဲအများဆုံး ရရှိသူ အနိုင်ရသည့်စနစ် (First Past The Post- FPTP) စနစ် ဖြစ်သည်။ FPTP စနစ်သည် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးကိုသာ ရွေးကောက်တင်မြှောက်သည့်စနစ်ဖြစ်၍ ကိုယ်စားလှယ် လောင်းတစ်ဦးသည် မဲမည်မျှရရှိသည်ဖြစ်စေ အနိုင်ရလဒ်မရပါက ရရှိသည့်မဲများ အဟောသိကံဖြစ်ခြင်းနှင့် မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှုများ ပျောက်ဆုံးသွားသည့် သဘောရှိသည်။

 

အဆိုပါရွေးကောက်ပွဲစနစ်၏  အားနည်းချက်များမှာ  ကြိုက်နှစ်သက်မှုကို ဦးစားပေးသောစနစ်၊ ကိုယ်စားလှယ်ဗဟိုပြုမှုစနစ်၊ ပါတီဗဟိုပြုသည့်စနစ်ဖြစ်သောကြောင့် မဲဆန္ဒရှင်ပြည်သူများအကြား၊ ပါတီအချင်းချင်းအကြား ပြဿနာများရှိ ခဲ့သည့်အပြင် ဒီမိုကရေစီစနစ်မှ တစ်ပါတီအာဏာရှင်စနစ်သို့ ဖြစ်မှန်းမသိဖြစ်လာ သည်ကို ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရွေးကောက်ပွဲများကို လေ့လာကြည့်လျှင် သိနိုင် ပေသည်။ ထို့အပြင် တစ်ဦးတစ်ယောက်၊  တစ်ပါတီအာဏာရရှိရေးအတွက်  ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့သည့် မှတ်တမ်းများကိုလည်း တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲစနစ်ကို သင်ခန်းစာယူ၍ အနာဂတ်ကာလတွင် မြန်မာနိုင်ငံနှင့်ဆီလျော်ကိုက်ညီပြီး ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ်မှာ အချိုးကျကိုယ်စားပြုစနစ်  (Proportional Representation System-PR) စနစ်ဖြစ်သည်။

 

PR စနစ်ကိုကျင့်သုံးခြင်းဖြင့် အဟောသိကံဖြစ်သွားသည့် မဲအရေအတွက် နည်းပါးသွားမည်ဖြစ်သည်။ ထို့အပြင် ပါတီများ ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနှင့် လူနည်းစုများ ပိုမိုရွေးကောက်ခံရနိုင် ခြင်းတို့ကြောင့် အများစုပါဝင်သည့် အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာနိုင်သည့်အပြင် ဥပဒေပြုရေးအဖွဲ့များတွင်လည်း ပါတီများမှကိုယ်စားလှယ်များ ပိုမိုပါဝင်ခွင့်ရလာ မည်ဖြစ်သည်။ အများစုကို အလေးထားသလို အနည်းစုကိုလည်း တန်ဖိုးထားသော စနစ်ဖြစ်၍  ဒီမိုကရေစီစံနှုန်းများနှင့်လည်း ကိုက်ညီပေသည်။ မတူကွဲပြားသူများ အားလုံးပါဝင်လာနိုင်သည်ဖြစ်၍ စစ်မှန်သည့်ဒီမိုကရေစီစနစ် ဖြစ်လာမည်။

 

သို့ဖြစ်ရာ လာမည့်ကာလတွင် မြန်မာနိုင်ငံ၌ PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲစနစ်များ၏ အားသာချက်/အားနည်းချက်များကိုလေ့လာကာ ပိုမိုကောင်းမွန်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အောင်မြင်အောင်ဆောင်ရွက်ကာ အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။         ။