မကွေး ၁၇ စက်တင်ဘာ
စစ်မှုထမ်းဟောင်း လေ့ကျင့်ရေး သင်တန်းကျောင်း(မကွေး)တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စိုက်ပျိုးရေးနှင့် အခြေခံမွေးမြူရေး သင်တန်းအမှတ်စဉ်(၁/၂၀၁၉)အား စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ စစ်မှုထမ်းဟောင်း သင်တန်းသား ၂၁ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်မောင်စိုးတို့က သင်တန်းဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။
သင်တန်းတွင် တိရစ္ဆာန်များ၏ ခန္ဓာဗေဒ၊ ဇီဝဗေဒ၊ ကြက်၊ ဝက်၊ ဘဲဆိတ်မွေးမြူရေးအကြောင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ၊ ဝက်၊ နွားမေထုန်မဲ့သားစပ်ခြင်း၊ နို့စားနွားနှင့် ဒေသနွားမွေးမြူရေး၊ ရောဂါကာကွယ်ဆေးများ အသုံးပြုပုံ၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ ကူးစက်ရောဂါဖြစ်ပွားပါက ဆောင်ရွက်ရန် နည်းလမ်းများ၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါ၊ ဇီဝလုံခြုံမှုနှင့် စားကျက်စိုက်ပျိုးခြင်း စသည့် သင်ခန်းစာများအား ရက်သတ္တပါတ်(၂)ပါတ်တာ သင်ကြားပို့ချမည်ဖြစ်ပြီး(ပထမ)အပါတ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ သင်ခန်းစာများပို့ချကာ၊ (ဒုတိယ) အပါတ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ သင်ခန်းစာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


