စစ်ရေးခြိမ်းခြောက်မှုများကြောင့် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲ မြောက်ကိုရီးယား စိတ်ဝင်စားမှုမရှိ

၂၂ သြဂုတ်

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ စစ်ရေးခြိမ်းခြောက်မှုများ ဆက်လက်လုပ်ဆောင်နေသမျှ ကာလပတ်လုံး နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများကို စိတ်ဝင်စားမှုမရှိဟု မြောက်ကိုရီးယားက ဆိုသည်။

 

n3

 

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကိုရီးယားနိုင်ငံပိုင် ဗဟိုသတင်းဌာနမှတစ်ဆင့် ယနေ့ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက အမေရိကန် နျူကလီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့မှုနှင့် အမေရိကန်နိုင်ငံမှ အက်ဖ်-၃၅ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ကို တောင်ကိုရီးယားနိုင်ငံ ဝယ်ယူမှုကို ထိုကြေညာချက်တွင် ပြစ်တင်ဝေဖန်ခဲ့သည်။

စစ်ရေးခြိမ်းခြောက်မှုများဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲကို စိတ်ဝင်စားမှုမရှိသော်လည်း ညှိနှိုင်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကိစ္စရပ်များ ဖြေရှင်းရန် ၎င်း၏ရပ်တည်ချက်ပြောင်းလဲမှုမရှိကြောင်း မြောက်ကိုရီးယားက  ယင်းကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

၁၆ ရက်ကြာ အမေရိကန် - တောင်ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကို အင်္ဂါနေ့က အဆုံးသတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန် ကို ဝေဖန်ပြောဆိုနေဆဲဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို