နေပြည်တော် ၅ အောက်တိုဘာ
ရခိုင်ပြည်နယ် စစ်တွေ-မင်းပြား-အမ်း လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအတွက် တပ်မတော်က ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့မှုများကို ဆောင်ရွက်လျက်ရှိသောကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ စားရေး အခက်အခဲများကြုံတွေ့ခြင်းနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးတို့တွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း။
ထိုသို့ ဖြစ်ပေါ်နေသည့် အခြေအနေများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မတူပီ-ဆမီး-ပလက်၀လမ်းကြောင်း၊ ကျောက်တော်-ပလက်၀ လမ်းကြောင်းပွင့်စေရေး ဆောင်ရွက်ခဲ့မှုများ အပါအဝင် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်လျက်ရှိစဉ် စစ်တွေ-မင်းပြား-အမ်း လမ်းပန်းဆက်သွယ်မှု လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် စက်တင်ဘာလမှ ယနေ့အချိန်အထိ မင်းပြားနှင့် အမ်းအကြား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ထိတွေ့မှု ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း။
အောက်တိုဘာ ၃ ရက်တွင်လည်း အမ်း-မင်းပြား သွားကားလမ်းပေါ်ရှိ တောင်ဘုတ်ကေ ကျေးရွာအနီး၌ လမ်းကြောင်းဖြတ်တောက်ပိတ်ဆို့မှု ဆောင်ရွက်လျက်ရှိသော AA အကြမ်းဖက် သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံစေရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


