ရေတာရှည် ၈ ဇန်နဝါရီ

စစ်တောင်းမြစ်ကြောင်းအတွင်း ရေနည်းပါးသည့် ယခုအချိန်၌ ဘတ္ထရီဖြင့် ရှော့တိုက်သည့် လှေများကြောင့်  ရိုးရာတံငါလုပ်ငန်းကို တစ်ပိုင်တစ်နိုင် စီးပွားရှာဖွေ လုပ်ကိုင်ကြသူများအနေဖြင့် ငါးအမိအရနည်းပါးလာ၍ အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ကျူဇောင်းကျေးရွာနေ တံငါလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ထံမှ သိရသည်။

“ကျွန်တော်တို့က လှေလဲမဝယ်နိုင်တော့ ကွန်နဲ့ပဲ မြစ်ကမ်းတစ်လျှောက် လိုက်ပစ်ရတာ။ ငါးကအတော်ရှားသွားပြီ။ ကမ်းဘက်ကို သိပ်မကပ်တော့ဘူး။ အရင်ကဆို ညဘက် ကမ်းစပ်နဲ့ ကမ်းဘေးတွေကို ကွန်နဲ့လိုက်ပစ်ရင် ကိုယ့်အိမ်ဟင်းစား တင်မကဘူး ဈေးကိုတောင် သွားရောင်းလို့ရတော့ မိသားစုအတွက် မီးဖိုဆောင် အသုံးစရိတ်လေး ဘာလေးရတာပေါ့ဗျာ။ အခု ရှော့တိုက်ငါးဖမ်းတဲ့သူတွေက များလာတော့ ငါးကရှားလာတယ်။ တရားမဝင် ငါးဖမ်းနေတဲ့သူတွေကို သက်ဆိုင်ရာ က ဖမ်းဆီးအရေးယူပေးနိုင်ရင် ပိုကောင်းပါတယ်” ဟု ၎င်းကပြောကြားသည်။

တရားမဝင် ရှော့တိုက်ငါးဖမ်းသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် ချောင်းမြောင်းအင်းအိုင်များ၊ စစ်တောင်းမြစ်အတွင်း အစရှိသည့်နေရာများသို့ ဆိုင်ကယ်များဖြင့် ရွှေ့ပြောင်းသွားလာကာ နေ့စဉ်ဆောင်ရွက်နေကြခြင်းကြောင့် ငါးများရှားပါးကာ ဈေးကွက်သို့ ရောက်ရှိလာသည့် ငါးများကိုလည်း ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေကြရခြင်းလည်းဖြစ်သည်။

ကိုလွင်(ဆွာ)