ရေတာရှည်  ၁၆   မတ်

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ပူပြင်းလှသော နွေရာသီကာလ စစ်တောင်းမြစ်နှင့် အခြားသော ချောင်း၊ မြောင်း၊ အင်း၊ အိုင်များ ရေနဲပါးသွားချိန်တွင် ဘက်ထရီအိုးဖြင့် ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများ ပိုမိုများပြားလျက်ရှိရာ မိရိုးဖလာနည်းဖြင့် ကွန်ပစ်ငါးဖမ်းကြသည့် တံငါသည်တို့မှာ ငါးအမိအရနည်းပါးလာသည့်အတွက် ဟင်းစားပင်မနဲရှာဖွေနေရကြောင်း ရွှေကဇောင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

 

“စစ်တောင်းမြစ်ထဲမှာ စက်လှေငယ်လေးတွေနဲ့ ရှော့ခ်တိုက်ငါးဖမ်းသူ တွေအတော်များလာတယ်။ ကျွန်တော်ဆို အရင်က ကွန်ပစ်ရင် ဟင်းစားတင်မကဘူး။ များလို့တောင် ရွာထဲကို လိုက်ရောင်းရတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မိသားစုလေးအတွက် အသုံးစရိတ်လေးတော့ ရတာပေါ့ဗျာ။ ခုတော့ ငါးမျိုးတွေ အတော်များများက ပြုန်းသလောက်ဖြစ်ကုန်ပြီ။ တစ်နေကုန်ရှာလို့တောင် ဟင်းစားရဖို့ အသဲအသန်ကိုရှာရတာ”ဟု ၎င်းက ပြောသည်။

 

ရှော့ခ်တိုက်ငါးဖမ်းသူများသည် ယခင်က ခြေကျင်လျောက်ကာ ချောင်းငယ် မြောင်းငယ်များတွင် ရှာဖွေခဲ့ကြသော်လည်း ယခုနောက်ပိုင်း ကာလများတွင် ဆိုင်ကယ်များကို သုံးစွဲလာကြသည့်အတွက် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာသွား ရောက်နိုင်ကြပြီး ငါးကဏ္ဍပြုန်းတီးမှုမှာ ပိုမိုဆိုးဝါးလျက်ရှိခြင်းကြောင့် တရားမဝင် ရှော့ခ်တိုက်ငါးဖမ်းဆီးသူများကို တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် လိုလားနေကြကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)